
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ စက်တင်ဘာ ၂၁ ရက်)
တီဘီ (TB) ရောဂါဆိုတာ Mycobacterium tuberculosis လို့ခေါ်တဲ့ တီဘီ-ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားရတာပါ။ ဒီပိုးဟာ အဆုတ်ကို အဓိက ထိခိုက်စေပါတယ်။ အသက်ရှုလမ်းကြောင်းကနေ ပျံ့နှံပြီး လေထဲကိုလည်း အလွယ်တကူ ကူးစက်နိုင်တာမို့ အန္တရာယ်ရှိပါတယ်။
ဒီရောဂါရဲ့ လက္ခဏာတွေကတော့ နှစ်ပတ်ကျော်ကြာတဲ့အထိ မပျောက်တဲ့ ချောင်းဆိုးခြင်း၊ ချောင်းဆိုးတဲ့အခါ သွေးပါလာခြင်း၊ ကိုယ်အလေးချိန် ရုတ်တရက်ကျဆင်းလာခြင်း၊ ညဘက် ချွေးထွက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အဖျားတငွေ့ငွေ့ရှိခြင်းတို့ပဲဖြစ်ပါတယ်။
ဒီလိုလက္ခဏာတွေ ရှိလာရင် ပေါ့ပေါ့ဆဆ မနေပါနဲ့။ တီဘီရောဂါများလားလို့ သံသယထားပြီး ဆရာဝန်ဆီကို အမြန်ဆုံးသွားပြပါ။ ရောဂါတွေ့ရှိရင်လည်း ပျောက်ကင်းအောင် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
အခုလိုခက်ခဲတဲ့ကာလမှာ ပြည်သူတွေအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်နဲ့ မိသားစုကို ချောင်းဆိုးသွေးပါ တီဘီရောဂါကာကွယ်ဖို့ ရောဂါတိုက်ဖျက်ရေးနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် နဲ့ မိသားစုဝင်တွေမှာ တီဘီရောဂါလက္ခဏာတွေ အထူးသဖြင့် နှစ်ပတ်ကျော်ကြာ ချောင်းဆိုးတာမျိုး ဖြစ်ရင် ပေါ့ဆမနေဘဲ တီဘီရောဂါကို သံသယထားပြီးဆရာဝန်နဲ့ ပြသပါ။ ရောဂါရှာဖွေစစ်ဆေး တွေ့ရှိရင် ကုသရပါမယ်။
လူမှုအသိုင်းအဝိုင်းကို ပညာပေးရပါမယ်။ တီဘီရောဂါအကြောင်းကို မိသားစု၊ မိတ်ဆွေသူငယ်ချင်းနဲ့ ပတ်ဝန်းကျင်ကလူတွေကို ရှင်းပြပေးရပါမယ်။ တီဘီရောဂါဆိုတာ ကုသလို့ရပါတယ်။ စနစ်တကျ ကုသပါက ပျောက်ကင်းပါတယ်။ ကိုယ့်မှာရောဂါရှိနေလျှင် ယှဉ်တွဲနေထိုင်ကြသူများကို သိအောင် ပြောပြပေးပါ။ လူတွေသိပြီး ဆင်ခြင်နိုင်တဲ့အခါ ကြိုတင်ကာကွယ်ခြင်းတွေ စနစ်တကျပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ တဖြည်းဖြည်း ကြောက်ရွံ့ခြင်း ခွဲခြားဆက်ဆံခြင်းတွေလည်း လျော့နည်းလာမှာ ဖြစ်ပါတယ်။
တီဘီရောဂါဟာ ပြန့်ပွားမှုပိုမိုများလာပြီး တီဘီရောဂါကုသဆေးဝါး ထောက်ပံ့မှုလည်း အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
ဒါကြောင့်လည်း လူနာဆေးသောက်နိုင်ဖို့ တတ်နိုင်သမျှ ပံ့ပိုးကူညီပါ။တီဘီဆေးတွေ ပြတ်နေတဲ့အခါ၊ ဆေးဝါးဝယ်ဖို့ အခက်အခဲရှိတဲ့အခါမျိုးမှာ ကိုယ်တတ်နိုင်သလောက် ဝိုင်းဝန်းမျှဝေကူညီကြပါ။ လူနာကိုသာမက မိမိနေထိုင်ရာပတ်ဝန်း ကျင်ကိုပါ ကူညီကယ်တင်တယ်လို့ ခေါ်ဆိုထိုက်ပါတယ်။ လိုအပ်ရင် အစိုးရမဟုတ်တဲ့ အကူအညီပေးအဖွဲ့အစည်းတွေစေတနာ့ဝန်ထမ်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အကူအညီတောင်းခံသင့်ပါတယ်။တီဘီရောဂါသည်များရောဂါပျောက်ကင်းသည်အထိဆင်ခြင်နေထိုင်ရမည့်နည်းလမ်းများ
တီဘီဆေးကို အချိန်အကြာကြီး နေ့စဉ် ပျက်ရက်မရှိအချိန်မှန်မှန် သောက်ဖို့လိုတာကြောင့် မဆုတ် မနစ်တဲ့စိတ်ဓာတ် ရှိနေဖို့ အရေးကြီးပါတယ်။ ဆရာဝန်ညွှန်ကြား တွက်ချက်ပေးတဲ့အတိုင်း ဆေးကို နေ့တိုင်း၊ အချိန်မှန်မှန်နဲ့ ဆေးကုသမှုကာလ မပြီးမချင်း သောက်သုံးမှသာ ရောဂါအမြစ်ပျက် ပျောက်ကင်းမှာပါ။ တီဘီဆေးကို ရက်အနည်းငယ်သောက်ပြီး သက်သာသွားတယ်ထင်လို့ ဆေးရပ် လိုက်မိရင် ဆေးယဉ်ပါးတီဘီ ဖြစ်နိုင်ပြီး ကုသရပိုခက်ခဲသွားနိုင်ပါတယ်။ ဆေးသောက်လက်စလူနာများ ဆေးပြတ်လပ်ခြင်းကြောင့်လည်း ဒီလိုပြဿနာတွေပေါ်လာတတ်ပါတယ်။
တီဘီဆေးသောက်နေစဉ်တွင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ (ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ပဲအမျိုးမျိုး) ကို စားသုံးပေးခြင်းဖြင့် ကိုယ်ခံအားကို မြှင့်တင်ရပါမယ်။ အာဟာရပြည့်အောင် စားသုံးပါ။ အိပ်ရေးဝဝအိပ်ပြီး ကိုယ်ခန္ဓာ သက်သာဖို့အတွက် အနားယူဖို့ အလွန်အရေးကြီး ပါတယ်။ချောင်းဆိုး၊ နှာချေတဲ့အခါ လက်ကိုင်ပဝါအသုံးပြုပြီး နှာခေါင်းနှင့်ပါးစပ်ကို အုပ်ပါ။ တခြား သူတွေကို ကူးစက်မှု မဖြစ်အောင် ဂရုပြု ကာကွယ်ပေးနိုင်ပါတယ်။တီဘီရောဂါသင့်ကိုကူးစက်ခြင်းမှကာကွယ်ခြင်း
တီဘီရောဂါရှိသူနှင့် အတူနေထိုင်သူတွေဟာ ရောဂါကူးစက်ခံရနိုင်ခြေများတာကြောင့် အထူးဂရုပြု နေထိုင်ရပါမယ်။တီဘီရောဂါသည်နေထိုင်တဲ့ အခန်းကို ပြတင်းပေါက်တွေဖွင့်ပြီး လေဝင်လေထွက် ကောင်းအောင် ပြင်ဆင်ထားရပါမယ်။ အခန်းကို နေရောင်ခြည်ဝင်ရောက် ထိတွေ့ဖို့လည်း အရေးကြီးပါတယ်။
တီဘီပိုးတွေဟာ အလုံပိတ် လေဝင်လေထွက်မကောင်းတဲ့နေရာတွေမှာ ပိုပြီးခိုအောင်းပျံ့နှံ့နိုင်တာကြောင့် လေဝင်လေထွက်ကောင်းရန် ပြင်ဆင်လိုက်တဲ့အခါ တီဘီပိုးပျံ့နှံ့မှုကို အများကြီးလျှော့ချ ပေးနိုင်ပါတယ်။ တီဘီရောဂါသည်ကို ပြုစုသူတွေ အနေနီးစပ်သူတွေ မိသားစုဝင်တွေအနေနဲ့ တတ်နိုင်သမျှ နှာခေါင်းစည်း (mask)တပ်ပြီး ပိုးကူးစက်မှုကနေ ကာကွယ်ရပါမယ်။
အိမ်မှာ ကလေးငယ်တွေရှိရင် ပိုပြီးဂရုစိုက်ပါ။ ကလေးသူငယ်များကတီဘီရောဂါပိုး ကူးစက်ရန် လွယ်ကူပါတယ်။ တီဘီရောဂါရှိတဲ့သူဟာ ကလေးငယ်တွေနဲ့ အတတ်နိုင်ဆုံး ခပ်ခွာခွာနေဖို့ လိုအပ်ပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်း၊ အာဟာရပြည့်ဝတဲ့ အစားအစာစားခြင်း၊ အိပ်ရေးဝအောင် အိပ်စက်ခြင်းတို့ဟာ ကိုယ်ခံအားကို ကောင်းမွန်စေပြီး ရောဂါပိုးဝင်ရောက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် တီဘီရောဂါသည်ကို ပြုစုနေသူ နှင့် နီးကပ်သူမိသားစုဝင်တွေ ကိုယ်ခံအားမြှင့်တင်ကျန်းမာနေအောင် ကြံဆောင်သင့်ပါတယ်။
တီဘီရောဂါဟာ အချိန်မီ ကုသမှုခံယူရင် ပျောက်ကင်းနိုင်တဲ့ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ရောဂါ လက္ခဏာတွေ့ရှိပါက ပေါ့ဆမနေဘဲ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူဖို့ တိုက်တွန်းပါတယ်။
နောက်တစ်ပတ်မှာတော့ အစပ်အရသာနှင့်သင့်ကျန်းမာရေး ဆောင်းပါးကို ဖော်ပြပေးမှာပါ။ ဧရာဝတီ တိုင်မ်း မီဒီယာရဲ့ပရိသတ်များလည်း တီဘီရောဂါနှင့်ဆင်ခြင်ရမယ့်နည်းလမ်းလေးတွေကို နားလည် သဘောပေါက်ပြီးကျန်းမာရေးနဲ့လျော်ညီစွာ ရှင်သန်နေထိုင်နိုင်ကြပါစေခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #တိတ်ဆိတ်တဲ့လူသတ်သမားတီဘီရောဂါ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times