
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်စစ်မျက်နှာတွင် စစ်ကော်မရှင်၏ ဒုတပ်ရင်းမှူးနှင့် ဗိုလ်သုံးဦးအပါ အဝင် တပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးပြီး ပျောက်ဆုံးမှုများလည်းရှိကြောင်း သိရသည်။
တပ်မ (၉၉) နှင့် တပ်မအပြောင်းအလဲလုပ်၍ နတ်ရေကန်စခန်းသို့ ရောက်ရှိလာသည့် အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံ တပ်ရင်းများမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ယခုရက်ပိုင်းအတွင်း အထိနာသေဆုံးမှုများရှိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“နတ်ရေကန်တိုက်ပွဲမှာ အခုလ တတိယပတ်အထိ သေဆုံးပျောက်ဆုံး ၁၀၀ ကျော်ရှိတယ်လို့ သတင်း အခိုင် အလုံရထားပါတယ်”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုစက်တင်ဘာ တတိယပတ်အတွင်းတွင် စစ်ကော်မရှင်၏ ခမရ ၅၂၅ မှ ဒုတပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင် ၆၀ ကျော် သေဆုံးခဲ့ပြီး ခမရ ၅၆၉၊ ခမရ ၅၇၄ နှင့် ခမရ ၅၇၆ တို့မှ ဗိုလ်မှူးသုံးဦးအပါအဝင် တပ်ဖွဲ့ဝင် ၄ဝ ကျော်မှာလည်း ပျောက်ဆုံးစာရင်း အသွင်းခံထားရကြောင်း သိရသည်။
နတ်ရေကန်စစ်မျက်နှာသို့ စစ်ယာဉ်တန်းများ နေ့စဉ်အတက်အဆင်းရှိနေပြီး အမှတ်(၉၀၅)အမြောက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) အတွင်းသို့ အင်အားအပြည့် စစ်ယာဉ်တန်းသုံးစီး ဝင်ရောက်အင်အားဖြည့်ထားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၇ ၏ ကွပ်ကဲမှု တပ်ရင်း ၁၀ ခုလုံး ငဖဲမြို့နယ်အတွင်း ရောက်ရှိ နေပြီး ထိတွေ့တိုက်ပွဲများ နေ့စဉ်ရှိနေကာ စစ်ကော်မရှင်က ဒရုန်းနှင့် လေကြောင်းမှနေ၍ တိုက်ခိုက်မှု ရှိနေကာ စစ်အင်အားများ နေ့စဉ်ပို့နေရကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် စစ်ကော်မရှင်၏ တပ်ရင်းအချို့ အင်အား အလုံး အရင်းဖြင့် နတ်ရေကန်ဘက်သို့ စစ်ကြောင်းထိုးတက်လာရာ အာရက္ခတပ်တော် (AA) ပူးပေါင်း တပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ဘက်မှ သေကြေပျောက်ဆုံးမှု များပြားခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်၏ စကခ ၁၇ လက်အောက်တွင် ခမရ ၅၇၄၊ ခမရ ၅၆၉၊ ခမရ ၅၇၅၊ ခမရ ၅၇၇၊ ခမရ ၅၂၀၊ ခလရ ၂၉၅ တပ်ရင်းများ အဓိကစုဖွဲ့၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ပုံစာ-တပ်မ(၉၉) တပ်ဖွဲ့ဝင်များ (ပုံဟောင်း)