ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်

 

တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေရန် အနုပညာရှင်ဒေါင်း၏ ဂီတဖျော်ဖြေပွဲများသည် ဩစတြေး လျနိုင်ငံတွင် ပြီးဆုံးသွားပြီဖြစ်၍ ဂျပန်နိုင်ငံတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အနုပညာရှင်ဒေါင်း၏ ပထမဆုံး ဂီတဖျော်ဖြေပွဲ ခရီးစဉ်ကို စက်တင်ဘာ ၇ ရက်မှ ၂၀ ရက်အထိ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်း၊ ဆစ်ဒနီနှင့် ဘရစ်စဘိန်းမြို့များတွင် ကျင်းပခဲ့သည်။

လာမည့် စက်တင်ဘာ ၂၅ ရက်မှစတင်ကာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဆက်လက်ဖျော်ဖြေမည်ဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်တွင် အိုဆာကာမြို့နှင့် အောက်တိုဘာ ၁၉ ရက်တွင် ကျူရှူးမြို့တို့၌လည်း ဖျော်ဖြေပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဂီတဖျော်ဖြေပွဲမှ ရရှိလာသော ရန်ပုံငွေများကို အသုံးစရိတ်နုတ်ပြီးနောက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ကျန်းမာရေးနှင့် ပညာရေးအတွက် အဓိကလှူဒါန်းသွားမည်ဖြစ်ပြီး အခြားလိုအပ်သည့် နေရာများအတွက်လည်း ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

 

ဒေါင်း၏ဂီတဖျော်ဖြေပွဲ ခရီးစဉ်တွင် ဖျော်ဖြေပွဲများအပြင် ဒေါင်းကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဂစ်တာလေလံပွဲနှင့်ချစ်ကြည် ရေးဘောလုံးပွဲများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုတော်ဒေါင်းက ၎င်း၏ခရီးစဉ်သည် ခက်ခဲကြမ်းတမ်းသော တော်လှန်ရေးခရီးတွင် ရဲဝံ့ပြတ်သားစွာ ရပ်တည်နေသည့် လူငယ်များအတွက် ရန်ပုံငွေရှာဖွေခြင်းဖြစ်ပြီး နိုင်ငံရပ်ခြားမှ ပြည်သူများကို တစ်ဦးချင်းတွေ့ဆုံ၍ လေးစားကြောင်းနှင့် ဂုဏ်ယူကြောင်း ပြောကြားလို၍ဖြစ်သည်ဟု ဆိုသည်။

 

ထို့အပြင် ဖျော်ဖြေပွဲများမှ ရရှိလာသော အားပေးထောက်ခံမှုများကို တော်လှန်ရေးအင်အားအဖြစ် ပြည်တွင်းရှိ ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များထံ ပြန်လည်မျှဝေပြီး အင်အားအသစ်များ လောင်းထည့်လိုကြောင်းလည်း ပြောကြားခဲ့သည်။

 

သရုပ်ဆောင်ဒေါင်း၏ ဖျော်ဖြေပွဲများတွင် ၎င်းပါဝင်ထားသည့် ဇာတ်လမ်းသစ်များနှင့် တေးစီးရီး အယ်လ်ဘမ် Smoky Hz Album ကို ဝယ်ယူအားပေးနိုင်ကြောင်းလည်း သိရသည်။

 

ဓာတ်ပုံ – Daung Tour