
ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ စက်တင်ဘာ ၂၁ ရက်
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယကျေးရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်ဂိတ်စခန်းကို ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား သုံး ဦးသေဆုံးကြောင်း အဆိုပါ တိုက်ပွဲတွင် ပါဝင်ခဲ့သည့် တော်လှန်ရေး တပ်ဖွဲ့ထံမှ သိရသည်။
ပယကျေးရွာစစ်ကော်မရှင်ဂိတ်စခန်းမှာ အင်အား ၆၀ ဝန်းကျင်ရှိ ဂိတ်စခန်းတစ်ခုဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
“တိုက်ပွဲက မကြာခဏဖြစ်တာတော့မှန်တယ်။ သူတို့က(စစ်ကော်မရှင်) အမှတ်(၈)ပြည်ထောင်စု လမ်းမကို ပြန်ပြီးတော့ထိန်းချုပ်ဖို့က တစ်ပိုင်းပေါ့နော်။ နောက်တစ်ခုကရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တော့ သူတို့ဒီပြည်ထောင်စုလမ်းမကိုပိုပြီးလိုချင်လာတာတွေ့ရတယ်။ အားလုံးကတော့ဒီအချိန်မှာ သတိ ကြီးကြီးထားပြီးနေနေရတယ်” ဟု ရေဖြူဒေသမှ တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်သည် ရေဖြူ၊ ကံပေါက်အခြေစိုက် ခလရ-၂၇၃ တပ်ရင်းမှ စစ်ကား လေး စီးဖြင့် ထပ်မံအင်အားဖြည့်တင်းခြင်းများရှိခဲ့ကြောင်းလည်း သိရသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ရဲဘော်တစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူ နှစ်ဦးလည်း(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း-၃(KBDF)၊ဒေါနတပ်ခွဲ-၆(ဝေဟင်တပ်ဖွဲ့)၊ ဒေါနတပ်ခွဲ-၇(LPF)၊ ရာမညမွန်တပ်တော်(RMA)၊ ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း-T1၊ ရေဖြူမြို့နယ်(ပ.က.ဖ)၊ နဂါးနီပျောက်ကျားတပ်ဖွဲ့ နှင့် ဗထူးတပ်မတော် (B.H.A) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – NMSP-AD/RMA