
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသကို စစ်ကော်မရှင်တပ်များက စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၂၁ ရက် နံနက်အစောပိုင်းအချိန်မှစ၍ စစ်ကော်မရှင်နှင့် ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်း ထိုးတက်လာ၍ KIAနှင့်တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”လန်ဆယ်ကျေးရွာအနီးထိ ကပ်လာပြီး အင်အားလည်းအပြည့်သုံးလာတဲ့ စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်နေပါတယ်။ လန်ဆယ်ကို သိမ်းတယ်ဆိုတာတော့မမှန်ပါဘူး။ တပ် အဆုတ် အတက်ရှိတာတော့ မှန်ပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့က စစ်ကော်မရှင်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့ က လန်ဆယ်မြို့ကို စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်။
ပြည်သူ့စစ်များကို မြေပြင်စစ်ကြောင်းထိုးတက်နိုင်ရေးအတွက် စစ်ကော်မရှင်က လူအင်အားအပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
လန်ဆယ်ဒေသသည် ရွှေထွက်ရာ ဒေသဖြစ်သည့်အတွက် စစ်ကော်မရှင်က သိမ်းဆည်းလိုခြင်းဖြစ်ပြီး ရွေးကောက်ပွဲမကျင်းပနိုင်သည့် ဆော့လော်ဒေသကိုပါ စစ်ရေးချဲ့လိုခြင်းလည်းဖြစ်သည်။
စက်တင်ဘာ ၂၀ရက်နေ့တွင် စစ်ကော်မရှင်၏ တပ်များနှင့်တန်ဂူတန်ပြည်သူ့စစ်များ KIAတပ်မဟာ၇ တပ်ရင်း ၃၃နယ်မြေ လန်ဆယ်အထက်တောင်ကုန်းတကြောကို ဝင်ရောက်လာ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကော်မရှင်ထောက်ခံသူများက လန်ဆယ်ကို စစ်ကော်မရှင်တပ်ဖွဲ့က ပြန်လည်သိမ်းယူပြီးဖြစ်ကြောင်း တပ်ထောက်ခံ တယ်လီဂရမ် ချယ်နယ်များတွင် ရေးသား အောင်ပွဲခံနေကြသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)