
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ဈေးရုံးတာဝန်ခံအမျိုးသမီးတစ်ဦးက လမ်းဘေးဈေးသည်များကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုဆက်ဆံပြီး မောင်းထုတ်ခဲ့ကြောင်း ဈေးသည်များထံမှ သိရသည်။
မေတ္တာညွန့်ရပ်ကွက်ရှိ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနရှိ အမျိုးသမီးက စျေးသည်များကိုမောင်းထုတ်နေခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းကလည်း ထိုသို့မောင်းထုတ်ခဲ့ကြောင်း သိရသည်။
“အဲဒီအမျိုးသမီးက ဈေးရုံးတာဝန်ခံပါ။ ဈေးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်း၊ မောက်မောက်မာမာ ပြောတယ်၊ ဆူတယ်၊ ကြိမ်းမောင်းတယ်။ ကြက်ဥရောင်းတဲ့နေ့ဆိုရင် ကားကြီးကို လမ်းမှာပိတ်ရပ် တယ်။ ဈေးသည်တွေကိုတော့ လာရောင်းခွင့်မပြုဘူးလို့ ပြောပါတယ်” ဟု ဈေးသည်တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ထို့အပြင် စစ်ကော်မရှင်လက်အောက်ခံ ဈေးတာဝန်ခံရုံးအမျိုးသမီးသည် ၎င်း၏ရုံးရှိ ဝန်ထမ်းများ ကိုလည်း နေ့စဉ် မောက်မောက်မာမာဆက်ဆံနေမှုကြောင့် ဝန်ထမ်းများကလည်း မကျေနပ်မှုများ ရှိကြောင်း မေတ္တာညွန့်ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ- ဈေးရုံးတာဝန်ခံအမျိုးသမီး(အင်္ကျီအပြာဝမ်းဆက်ဝတ်ဆင်ထားသူ) ၊ လမ်းပေါ်တက်၍ ရောင်းချနေသည့် ကြက်ဥကား