
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကြာမီကျင်းပမည့် ရွေးကောက်ပွဲကို ၂၀၂၀ ရွေးကောက်ပွဲထက် ပိုမိုမှန်ကန်ပြီး လွတ်လပ်မျှတအောင် လုပ်ဆောင်မည်ဟု ပြောဆိုနေသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသော စစ်ခေါင်းဆောင်က ထိုသို့ ပြောဆိုနေသော်လည်း ၎င်းတို့ဦးဆောင်မည့် ရွေးကောက်ပွဲကိုမူ ခန့်မှန်းလူဦးရေစာရင်းများဖြင့် ပြုလုပ်မည် ဖြစ်သည်။၂၀၂၀ရွေးကောက်ပွဲအပေါ် စွပ်စွဲချက်များ
စစ်တပ်က မဲမသမာမှုဟု စွပ်စွဲခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ လူထု၏ မဲစာရင်းများမှာ ၉၀ ရာခိုင် နှုန်းကျော် မှန်ကန်သည်ဟု ဇေယျာသီရိမြို့နယ်၊ ၂၀၂၀ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးမောင်မောင်ထံမှသိရပြီး ၎င်းက စစ်တပ်၏ မဲစာရင်းများသည်သာ မှန်ကန်မှုမရှိခဲ့ကြောင်း ထောက်ပြသည်။
“စစ်တပ်က လုံခြုံရေးအရဆိုပြီးအကြောင်းပြထားသလို ရွေးကော်ဥပဒေမှာလည်း သူတို့(စစ်တပ်) ပေးပို့ လာတဲ့ မဲဆန္ဒရှင်စာရင်းကိုလည်း သက်ဆိုင်ရာ ရွေးကော်ကစိစစ်ပြီး အတည်ပြုလက်ခံရမယ်လို့ ပါတယ်” ဟု ဦးမောင်မောင်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်ကို ချုပ်ကိုင်ထားပြီး မဲမသမာမှုများ ဖြစ်ပေါ်စေခဲ့သည်မှာ စစ်တပ်ပင်ဖြစ်ကြောင်း ဦးမောင်မောင်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် စစ်ခေါင်းဆောင် မဲလာပေးသော ဇေယျာသီရိမြို့နယ်၌ပင် တပ်ရပ်ကွက် နှစ်ခုရှိပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့် အရာရှိများက ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် တာဝန်ယူခဲ့သည်ဟု ဦးမောင်မောင်က ဆိုသည်။လူထုဆန့်ကျင် ရွေးကောက်ပွဲ
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဓမ္မ အာဏာသိမ်းယူပြီးနောက် ၁၀ နှစ်တစ်ကြိမ် ကောက်ယူရသည့် သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်တွင် လုပ်ဆောင်ခဲ့သော်လည်း ယခင်လို နိုင်ငံတကာ အကူအညီများ ရရှိခဲ့ခြင်းမရှိပေ။ ထို့ကြောင့် စစ်ကော်မရှင်၏ သန်းခေါင်စာရင်း အချက်အလက်များသည်လည်း တိကျမှုမရှိသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်းကျော်ရှိသော်လည်း ၃၂ သန်းကျော်ကိုသာ စာရင်းကောက်ယူနိုင်ခဲ့ပြီး ကျန် ၁၉ သန်းကျော်ကို ခန့်မှန်းတွက်ချက်ထားကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည့် အချက်အလက် များအရ သိရသည်။
စစ်ကော်မရှင်သည် တိုက်ပွဲများပြင်းထန်နေသည့် ဒေသများအပါအဝင် မြို့နယ်ပေါင်း ၃၃၀ အနက်မှ ၁၄၅ မြို့နယ်ကိုသာ ရာနှုန်းပြည့် စာရင်းကောက်ယူနိုင်ခဲ့သည်။
ဥပဒေပညာရှင်များ၏ သုံးသပ်ချက်အရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်၏ အကျိုးစီးပွား အတွက် ရေးဆွဲထားသော်လည်း စစ်တပ်နှင့် စစ်ခေါင်းဆောင်တို့သည် ရွေးကောက်ပွဲရလဒ်များကို ကန့်ကွက်ခြင်း၊ ပြန်စစ်ခိုင်းခြင်း စသည့်လုပ်ပိုင်ခွင့်များ မရှိကြောင်း သိရသည်။
“မဲစာရင်း မှားယွင်း/မယွင်းဆိုတာနဲ့ အဲဒီအချက်တွေအပေါ် စစ်ဆေးပေးပါ။ မဲရလဒ်အပေါ် ကန့်ကွက် တယ်ဆိုတဲ့ အချက်တွေဟာ စစ်တပ်၊ တပ်ချုပ်(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)တို့နဲ့ လားလားမျှ မဆိုင်ပါဘူး” ဟု တရားလွှတ်တော် ရှေ့နေစောဘဦးလေးကပြောသည်။
ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအရ စစ်တပ်သည် ရွေးကောက်ပွဲတစ်ခုကို ကျင်းပ ပိုင်ခွင့်မရှိကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
“၂၀၀၈ ခြေ/ဥ ပြဋ္ဌာန်းချက်တွေအရ စစ်တပ်ဟာ ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပပိုင်ခွင့် မရှိပါဘူး” ဟု စောဘဦးလေးက ဆိုသည်။
လက်ရှိအခြေအနေတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသအများအပြား၌ပင် စစ်ကော်မရှင်က ရွေးကောက်ပွဲများကို အပိုင်းလိုက်ကျင်းပရန် ပြင်ဆင်နေသည်။
ထို့ကြောင့် ပြည်သူလူထု၊ တော်လှန်ရေး အင်အားစုများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် တရားဝင်မှုမရှိသလို ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် ထွက်ပေါက်ရှာခြင်းဖြစ်သည်ဟု ယူဆကာ ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။