
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေမှုနှင့်အတူ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့် စက်တင်ဘာ ၂၀ ရက်မှ ၂၆ ရက်အတွင်း မြန်မာနိုင်ငံ၏ ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကော်မရှင် လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်သည်။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နီ (ကယား) ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ မိုးကြီးမည် ဖြစ်ကြောင်းသိရသသည်။
နေပြည်တော်၊မန္တလေးတိုင်း၊ မကွေးတိုင်း၊စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်းပါဝင်သည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ် ပေါ်နိုင်၍ သတိထားရန်လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း မိုး/ဇလက သတိပေးထားသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်နှင့်မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ ၄၀ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၃ ပေခန့်အထိ ရှိနိုင်သည်ဟု ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မိုး/ဇလ