နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်

 

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းလက်အောက်ခံ တပ်ဖွဲ့ဝင် တစ်ဦးချင်းစီအနေဖြင့် လုပ်လိုကိုင်လိုသောစိတ်၊ လုပ်ရဲကိုင်ရဲသည့် စိတ်များရှိရန် လိုအပ်သည်ဟု တပ်နယ်မိသားစုများကို ညွှန်ကြားပြောဆိုခဲ့ကြောင်း သိရသည်။

 

တနင်္သာရီတိုင်းကို သွားရောက်နေသည့် စစ်ခါင်းဆောင်က ယမန်နေ့ စက်တင်ဘာ ၁၉ ရက်တွင် လက်အောက်ခံ ကမ်းရိုးတန်းဒေသ တိုင်းစစ် ဌာနချုပ်နယ်မြေအတွင်း တပ်နယ်မိသားစုများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခဲ့ကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။

 

“မိမိတို့ကိုင်ဆောင်တဲ့ လက်နက်တွေကို ကျွမ်း ကျင်ပိုင်နိုင်စွာနဲ့ အသုံးချနိုင်ဖို့အတွက် အမြဲလေ့ကျင့်နေဖို့ လိုအပ်ပါတယ်။ ထိုမှသာ မိမိကိုယ်ကိုနဲ့ မိမိတို့ကိုင်ဆောင်တဲ့ လက်နက်အပေါ် ယုံကြည်မှုရှိတဲ့ စိတ်ဓာတ်တွေ ရရှိမှာ ဖြစ်ပါတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။

ထို့ကြောင့် တပ်ဖွဲ့ဝင်အားလုံး လေ့ကျင့်သား ပြည့်ဝနေစေရေး လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး နေ့စဉ်ဆောင်ရွက်နေရသည့် လုပ်ငန်းများတွင် အမြဲအသုံးပြု ဆောင်ရွက်နေမည်ဆိုပါက လေ့ကျင့်သား ပြည့်ဝလာမည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောသည်။

 

လက်ရှိတွင် စစ်ကော်မရှင်သည် အာဏာတည်မြဲရေးအတွက် ရည်ရွယ်ထားသော ရွေးကောက်ပွဲ ကျင်းပနိုင်ရန် စစ်ရှုံးဒေသ တိုင်းနှင့်ပြည်နယ် ကိုး ခုရှိ မြို့နယ် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး နိုင်ငံတစ်ဝန်း ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

 

ထို့အပြင် မြေပြင်တွင်လည်း သာလွန်အင်အားဖြင့် စစ် ကြောင်းများထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီး​​ခြင်း.၊ ခိုးယူခြင်း၊ ပြည်သူများအား လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်း၊ မုဒိမ်းကျင့် သတ် ဖြတ်၍ ဘာသာရေး အဆောက်အဦ၊ ဆေးရုံ/ဆေးခန်း၊ စာသင်ကျောင်းများကို ပစ်ခတ်ဖျက်ဆီးခြင်းများလုပ်ဆောင်လျက်ရှိသည်။

 

ယင်းအတူ ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးမှုများနှင့် အာဏာသိမ်းပြီးနောက် တပ်အင်အား လျော့နည်းပြုန်းတီးလာမှုတို့ကို ပြန်လည်ဖြည့်တင်းရန် အရွယ်ရောက်သူ ပြည်သူများအား စစ်မှုထမ်း ဥပဒေဖြင့် နေ့ညမရွေး အတင်း အဓမ္မ စုဆောင်းလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ လူငယ်များကို စစ်မှုထမ်းဥပဒေဖြင့် အဓမ္မဖမ်းဆီးနေသည့် စစ်ခေါင်းဆောင်က ၎င်းတို့လက်အောက်ခံ တပ်ဖွဲ့ဝင်များအားလုံးသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါဘဲ မိမိသဘောဆန္ဒအလျောက် တပ်ထဲသို့ ဝင်ရောက်လာ၍ စစ်မှုထမ်းခြင်းဖြစ်သည်ဟု တပ်မိသားစုများနှင့် တွေ့ဆုံစဥ် ပြောဆိုခဲ့သည်။

ဓာတ်ပုံ-MOI