
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ယခုပညာသင်နှစ် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္က သိုလ်တစ်ခု ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ ပညာရေးဝန်ကြီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကော်မရှင်သည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ကွန်ပျူတာတက္ကသိုလ် (မအူပင်) ကို လွှဲပြောင်းယူပြီး ယခုကဲ့သို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ် ၃၅၀ ဖြင့် အောင်မြင်သည့် STEM (1) ဘာသာတွဲမှ ကျောင်း သား/ကျောင်းသူများကို လက်ခံမည်ဖြစ်ပြီး စုစုပေါင်း ကျောင်းသားဦးရေ ၂၀၀ ခေါ်ယူမည်ဖြစ်ပြီး အမျိုးသား ၁၀၀ ဦးနှင့် အမျိုးသမီး ၁၀၀ ဦး လက်ခံမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်၏ သင်တန်းကာလသည် လေး နှစ်ဖြစ်ပြီး စိုက်ပျိုးရေးသိပ္ပံဘွဲ့ (Bachelor of Agriculture Science) နှင့် မွေးမြူရေးပညာဘွဲ့ (Bachelor of Animal Science) တို့ကို သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
ကျောင်းသား၊ ကျောင်းသူများသည် ကွင်းဆင်းလက်တွေ့လုပ်ငန်းများကို ပါဝင်လုပ်ဆောင်ရမည်ဖြစ်ပြီး ကျန်းမာရေး (က) အဆင့်ရှိသူနှင့် စိတ်ပါဝင်စားသူများ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။ လျှောက်လွှာများကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ လာမည့် အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။
တနင်္သာရီတိုင်းသို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ အခြေခံပညာအလယ်တန်းအဆင့် တတ်မြောက်ပြီးသူများ တက်ရောက်နိုင်ရေးအတွက် စက်မှုစိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ထားကြောင်း၊ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွင်း ဧရာဝတီတိုင်းတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်ဖွင့်လှစ်ထားကြောင်း” ပြောကြားခဲ့သည်။
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင်လည်း ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာ (Diploma in Fisheries and Aquaculture) သင်တန်းကို ငါးလုပ်ငန်းဦးစီးဌာနက သုံးနှစ်သင်တန်းအဖြစ် ဖွင့်လှစ်ထားကြောင်းသိရသည်။