
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်
စစ်ကော်မရှင်က ပြည်သူကို ဝေဖန်ကန့်ကွက်ခွင့် ပိတ်ပင်ထားသော ရွေးကောက်ပွဲကို နှောင့်ယှက်ခြင်းမှ ကာကွယ်ပေးသည့် ဥပဒေသစ်ဖြင့် ဖမ်းဆီးအရေးယူမှုများကြောင့် ပြည်သူငါးဦး အထိဖမ်းဆီး ခံထားရပြီး ၎င်းတို့အနက်မှ တစ်ဦးကို ထောင် ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါဥပဒေဖြင့် ဖမ်းဆီးခံရသူများမှာ ရန်ကုန်နှင့် ရှမ်းပြည်နယ်တို့မှဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်အထိ ဖမ်းဆီးခဲ့ခြင်းဖြစ် သည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကော်မရှင်က ဖမ်းဆီးခဲ့သူ နှစ်ဦးမှာ ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၆)ရပ်ကွက်နေ အသက် ၂၅ နှစ်ဝန်းကျင် ကိုအောင်ရဲထွဋ်(ခ)ရဲထွဋ်နှင့် ကိုရန်နိုင်ကြည်ဝင်း(ခ) ရန်နိုင်(ခ)အကြီးကောင်တို့ဖြစ်ပြီး ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အလားတူ ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံရသူများအနက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရသူမှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် အသက် ၃၆ နှစ်အရွယ် စစ်ဘေးရှောင် ကိုနေသွေးဖြစ်ပြီး “Lashio Baegyi” လူမှုကွန်ရက်အကောင့်မှတစ်ဆင့် ရွေးကောက်ပွဲ ပျက်ပြားစေရန် ရေးသားဖြန့်ဝေခဲ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
သို့သော် ကျန်ပြည်သူနှစ်ဦးကို မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်နေရာတွင် မည်ကဲ့သို့ ဖမ်းဆီးအမှုဖွင့်ခဲ့ကြောင်းကို စစ်ကော်မရှင်က တိကျစွာ ထုတ်ပြန်ခြင်းမရှိဘဲ ခြုံငုံဖော်ပြကာ ပြည်သူများကို သတိပေးခြိမ်းခြောက်နေသည်ဟု သတင်းတွင် ဖော်ပြသည်။
ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေသည် ပြည်သူကို ဖိနှိပ်ချုပ်ချယ်ရန်ဖြစ်ပြီး ၎င်းဥပဒေကို ဖောက်ဖျက်ပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ၇ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ပေးဆောင်ရမည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း မကြာသေးမီက သတ်မှတ်ချက်မပြည့်မီ ဟုဆိုကာ နိုင်ငံရေးပါတီ လေးခုကို ဖျက်သိမ်းခဲ့ပြီး အွန်လိုင်းမှ ဝေဖန်ရေးသားသူများကို ဖမ်းဆီး အရေး ယူလျက်ရှိသည်။
ဓာတ်ပုံ-MOI