ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်

 

ပဲခူးတိုင်း၊ အနောက်ခြမ်း၊ ဥသျှစ်ပင်မြို့နယ်၊ ဆင်လန်ကျေးရွာအနီးရှိ ကာကင်းစခန်းကို စစ်ကော်မရှင် တပ်ဖွဲ့များ ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း‌ သိရသည်။

 

စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့်ရက်ပိုင်း စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ အာရက္ခ တပ်တော် (AA) ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ထားသည့် လေသာတောင်ကုန်းကို ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

 

“သေတဲ့လူတွေက အရာရှိတွေများတယ်လို့ သိရတယ်။ စနိုက်ဘာထိပြီးသေကြတာ။ လေသာ တောင်ကုန်းကစစ်ရေးအရ အရေးပါတော့ စိုးမိုးမှုရဖို့ အပြင်း အထန်ဖြစ်နေတာ”ဟု စစ်ရေးသတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်၏ ထိုးစစ်ကို AA ပူးပေါင်းတပ်ဖွဲ့က တန်ပြန်ထိုးစစ်ဖြင့်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်မှ ထိခိုက်သေဆုံးမှုများပြီး ဒဏ်ရာရသူနှင့် သေဆုံးသူ များကို နာရေးကားသုံးစီးဖြင့် ဥသျှစ်ပင် တံတား ဂိတ်မှ ပြည်မြို့ဘက်သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

 

ထိုသို့ပို့ဆောင်ရာတွင် ထိခိုက်ဒဏ်ရာရသူများကို ရွှေတောင်မြို့ အမှတ် (၆) ခုတင် ၁၀၀ စစ်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

 

ညောင်ကျိုးရိုးပေါ်တွင် ယမန်နေ့ စက်တင်ဘာ ၁၈ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်နှင့် တော်လှန် ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်က တပ်ဆုတ်ထားရကြောင်း သိရသည်။

 

လေသာတောင်ကုန်းကို စစ်ကော်မရှင်ဘက်က အင်အား ၁၀၀ ကျော်ခန့်ဖြင့် ထိုးစစ်ဆင်ဝင် ရောက်လာ ခြင်းဖြစ်ပြီး AA ဘက်က စစ်ကော်မရှင် အရာရှိများကို စနိုက်ဘာဖြင့် ရွေးချယ်ပစ်ခတ်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

 

တိုက်ပွဲအတွင်းမှ ပြန်သယ်လာသည့် အလောင်း ၁၀ လောင်းကျော်ရှိပြီး ဒဏ်ရာရသူများကို နာရေး ကားနှစ်စီးဖြင့် တင်ဆောင်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ကပစ-၆ အနီး တိုက်ပွဲများပြင်းထန် လာသော်လည်း စစ်ကော်မရှင်က စက်ရုံထုတ်လုပ်ရေးပိုင်းကို ဆက်လက်လုပ်ဆောင်နေပြီး ဆီသယ် ယာဉ် ခုနစ် စီးအထိ စက်ရုံအတွင်း အဝင်အထွက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)