ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်

 

ပြည်တွင်း ကလေးနို့မှုန့်ဈေးကွက်တွင် လူသုံးများသော Dumex Dupro ကလေးနို့မှုန့်အတုများ ဈေးကွက်အတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) က စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

FDA ၏ ထုတ်ပြန်ချက်အရ DKSH Myanmar ကုမ္ပဏီက တင်သွင်းသော FDA ထောက်ခံချက် ရရှိပြီးသည့် Dumex Dupro ကလေးနို့မှုန့်အတိုင်း ပုံတူကူးချထားသည့် ကုန်ပစ္စည်းအတုများကို ဖြန့်ဖြူးရောင်းချနေကြောင်း သိရသည်။

အဆိုပါနို့မှုန့်အတုများသည် ကလေးငယ်များ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်အပြင် အရည်အသွေး အာမခံချက်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများလည်း မရှိကြောင်း FDA က ဆိုထားသည်။

 

Dumex Dupro နို့မှုန့်အတုတွင် မြန်မာစာလုံးပေါင်း မှားယွင်းမှုများရှိခြင်း၊ ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူအမည်၊ လိပ်စာ၊ danone လိုဂိုနှင့် call centre ဖုန်းနံပါတ်များ ပါဝင်မှုမရှိခြင်း စသည့် အချက်များဖြင့် ခွဲခြားနိုင်သည်ဟု သိရသည်။

 

နို့မှုန့်အတုများ ဖြန့်ဖြူးရောင်းချခြင်းကို မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက အမျိုးသား အစားအသောက်ဥပဒေပုဒ်မ ၃၁ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း FDA က အသိပေး ထားသည်။