ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတကတော် မယ်လာနီယာထရမ့်တို့သည် စက်တင်ဘာ ၁၆ ရက်နေ့တွင် ဗြိတိန်သို့ နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ရာ သမ္မတကတော်၏ ဦးထုပ်ဖက်ရှင်သည် ထပ်မံလူပြောများခဲ့သည်။
ဗြိတိန်တော်ဝင်မိသားစုနှင့် စတင်တွေ့ဆုံခဲ့သည့်နေ့တွင် သမ္မတကတော် မယ်လာနီယာသည် မျက်နှာတစ်ဝက်ခန့် ဖုံးအုပ်နေသည့် ခရမ်းရောင်အဖျားကျယ်ဦးထုပ်ကို ဝတ်ဆင်ခဲ့သည်။

ဦးထုပ်၏အရိပ်ကြောင့် မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ သူမ၏မျက်လုံးများ ဖုံးအုပ်နေပြီး မျက်နှာအမူအရာနှင့် အတွေးများကို မမြင်ရသည့်အတွက် ယင်းကဲ့သို့ ပြုမူခြင်းသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု လူအများက ပြောဆိုခဲ့ကြသည်။
သမ္မတထရမ့်နှင့် သမ္မတကတော်မယ်လာနီယာတို့သည် တော်ဝင်မိသားစုနှင့်အတူ ဝင်ဆာရဲတိုက်သို့ ရောက်ရှိလာချိန်တွင် ဘုရင်မကြီး၊ ဝေလမင်းသမီးနှင့် အခြားတော်ဝင်မိသားစုဝင်အမျိုးသမီးများက ထုံးတမ်းစဉ်လာအရ ဦးထုပ်များ ချွတ်ခဲ့ကြသော်လည်း သမ္မတကတော်သည် ၎င်း၏ဦးထုပ်ကို ဆက်လက်ဝတ်ဆင်ထားခဲ့သည်။ ဘုရင်မကြီးနှင့် စကားပြောနေချိန်တွင်ပင် ဦးထုပ်ကို မချွတ်ဘဲ စကားပြောခဲ့ကြောင်း သိရသည်။

သမ္မတကတော်၏ နိုင်ငံတော်အဆင့်အခမ်းအနားများတွင် ပြောဆိုစရာဖြစ်ခဲ့သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပေ။ သမ္မတထရမ့်၏ ဒုတိယအကြိမ် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင်လည်း မျက်နှာတစ်ဝက်နီးပါးဖုံးအုပ်သည့် ဦးထုပ်ကို ဝတ်ဆင်ခဲ့ဖူးသည်။
ထိုစဉ်ကလည်း သမ္မတထရမ့်က ဇနီးဖြစ်သူကို နမ်းရန်ကြိုးစားချိန်တွင် ဦးထုပ်ကခံနေ၍ သရုပ်ပျက်ခဲ့ပြီး ဟာသဆန်ဆန် ပြောဆိုခံခဲ့ရဖူးသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဗြိတိန်သို့ နိုင်ငံတော်အဆင့်ခရီးစဉ်အပေါ် ဆန္ဒပြမှုများလည်း ရှိခဲ့ပြီး သုံးရက်တာ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ နျူကလီးယားအပါအဝင် စွမ်းအင်နှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုးကား – Financial Times