
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
တရုတ်အစိုးရ၏ ဖိတ်ကြားမှုဖြင့် ခရိုနီဦးဇေသီဟ၏ယောက်ဖ ၊ သရုပ်ဆောင် နန္ဒာလှိုင်၏ မောင်ဖြစ်သူ ဒေါက်တာစိန်ဖြိုးနှင့်ဇနီး ရီရီပွင့်ဖြူတို့သည် 2025 Media Cooperation Forum on Belt and Road ပွဲကို တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် စက်တင်ဘာ ၁၆ ရက်က ကျင်းပသော အဆိုပါဖိုရမ်ကို နိုင်ငံပေါင်း ၈၇ နိုင်ငံမှ ကိုယ်စားလှယ်များ၊ မီဒီယာဌာနပေါင်း ၁၆၅ ခုနှင့် အဖွဲ့အစည်းများ ပါဝင် တက်ရောက်ခဲ့ကြောင်း တရုတ်သတင်းဌာန People Daily တွင် ဖော်ပြထားသည်။
ယူနန်အစိုးရက ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) သည် နိုင်ငံတကာပြည်သူများအတွက် အကျိုးရှိပြီး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုပလက်ဖောင်းတစ်ခုဖြစ်သည်ဟု ဖိုရမ်တက်ရောက်သူများကို ပြောကြားခဲ့ကြောင်းသိရသည်။
“တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက ဖိတ်ကြားလို့ ခေတ်သစ်ပိုးလမ်းမကြီး မီဒီယာကော်ပို ရေးရှင်းဖိုရမ် နဲ့ South & Southeast Internet Celebrity Alliance ဖွင့်ပွဲအခမ်းအနား နှစ်ခု တက်ခွင့်ရတယ် “ ဟု ဒေါက်တာစိန်ဖြိုးနှင့်ရီရီပွင့်ဖြူတို့က ၎င်းတို့၏ sein phyo & yi လူမှုကွန်ရက်တွင် ရေးသားထားသည်။
မြန်မာနိုင်ငံသည် ပိုးလမ်းမစီမံကိန်း၏ မဟာဗျူဟာမြောက်နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ဖြစ်သည့် CMEC စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မန္တလေး-မူဆယ်ရထားလမ်း၊ နယ်စပ်စီးပွားရေးဇုန်များနှင့် ရန်ကုန်မြို့သစ်စီမံကိန်းများ ပါဝင်ကြောင်း သိရသည်။
“တရုတ်ကတော့ ရတဲ့နေရာကနေ လုပ်မှာပဲ။ ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုဆန္ဒနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို ထောက်ပြမယ့်သူ မရှိမှာ စိုးရိမ်တယ်” ဟု စီမံကိန်းများ နှင့်ပတ်သက်၍ တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ကော်မရှင်က သတင်းမီဒီများကို ဖိနှိပ်ထားခြင်းကြောင့် တရုတ်စီမံကိန်းများက ပွင့်လင်း မြင်သာမှုရှိမည်မဟုတ်ကြောင်းကိုလည်း ၎င်းက ထောက်ပြသည်။
တရုတ်သမ္မရှီကျင့်ဖျင် အကောင်အထည်ဖော်နေသည့် တရုတ်းခါးပတ်လမ်း (OBOR) မှ ခေတ်သစ်ပိုးလမ်းမကြီး ( BRI) အဖြစ်အမည်ပြောင်းထားပြီး ယခုအခါတွင် စီမံကိန်းအကောင် အထည်ဖော်ရန်တရုတ်နှင့် လက်မှတ်ထိုးထားသည့် နိုင်ငံပေါင်း ၁၃၉ နိုင်ငံရှိကြောင်း မှတ်တမ်း များအရသိရသည်။
ဓာတ်ပုံ – People Daily, seinphyo&yi