
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
တီမောလက်စ်တေနိုင်ငံက အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက် အာဏာသိမ်း စစ်ကော်မရှင်ကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ်ခြင်း၊ တရားမဝင် ဆန့်ကျင်သည့် လှုပ်ရှားမှုများ ခွင့်ပြုမည် မဟုတ်ကြောင်း စစ်ကော်မရှင်ခန့် နိုင်ငံခြားရေးဝန်ကြီးအား တွေ့ဆုံကတိပေး ပြောဆိုခဲ့ကြောင်း စစ်ကော်မရှင်၏ ဝါဒဖြန်သတင်းစာများတွင် ဖော်ပြထားသည်။
စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ အလုပ်သဘော ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေသည့် တီမောလက်စ်တေနိုင်ငံ၏ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးဆောင်အဖွဲ့သည် နေပြည်တော်၌ စစ်ကော်မရှင်ခန့် နိုင်ငံခြား ရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် ယင်းသို့ထည့်သွင်း ပြောဆို ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အာဆီယံနိုင်ငံ ၁၀ နိုင်ငံရှိပြီး နောက်တိုးအဖွဲ့ဝင် နိုင်ငံဖြစ်ရန် ကြိုးပမ်းနေသည့် တီမော လက်စ်တေနိုင်ငံကို စစ်ကော်မရှင်က ကန့်ကွက်ထားသဖြင့် ထိုကဲ့သို့ လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သလို ရုံးဖွင့်မှု ကိစ္စသည်လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ရည်ညွှန်း၍ ပြောဆိုခြင်း ဖြစ်ကြောင်း သိရသည်။
NUG ကမူ ၎င်းတို့အနေဖြင့် လွတ်လပ်တက်ကြွ၍ ဘက်မလိုက်ရေးဆိုသည့် နိုင်ငံခြားရေးမူဝါဒကို ကိုင်စွဲကာ နိုင်ငံတိုင်းလိုလိုနှင့် ဆက်သွယ်ဆောင်ရွက်ပြီး မြန်မာ့နိုင်ငံအကြောင်းနှင့် ပြည်သူများ၏ အသံကို သိရှိနိုင်ရန် အကောင်းဆုံးကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“တီမောနိုင်ငံနဲ့က ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ အဲဒီမှာဆိုလည်း မြန်မာနိုင်ငံဆိုင်ရာ (NUG) သံတမန်ရုံးပေါ့နော်။ ဒီဟာကိုလည်းပဲ လက်ရှိအချိန်အထိ ဖွင့်လှစ်ပြီးတော့ ဆောင်ရွက်နေတာ ရှိပါ တယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သို့သော် စစ်ကော်မရှင်နှင့် ယခုလိုတွေ့ဆုံ ဆွေးနွေးမှုများအပေါ် NUG အနေဖြင့် မည်သို့တုံ့ပြန်ကာ တီမောလက်စ်တေနိုင်ငံနှင့်အကြား ဆက်သွယ်တွေ့ဆုံ ဆွေးနွေးသွားရန် ရှိ/မရှိကိုမူ လတ်တလော မဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
တီမောလက်စ်တေနိုင်ငံ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း စက်တင်ဘာ ၁၈ ရက်က တွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေးကို အာဆီယံပဋိညာဉ်၊ အခြေခံမူ၊ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ တစ်နိုင်ငံ၏ ပြည်တွင်းရေးအား တစ်နိုင်ငံက ဝင်ရောက်စွက် ဖက်မှုမပြုဘဲ သံတမန်ဆက်ဆံရေး တိုးမြှင့်သွားကြရန် ဆွေးနွေးသဘောတူခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ထို့ပြင် တီမောလက်စ်တေနိုင်ငံက စစ်ကော်မရှင်ကို ဆန့်ကျင်သည့် အဖွဲ့အစည်းများအား ရုံးဖွင့်လှစ် ခြင်း၊ တရားမဝင် ဆန့်ကျင်သည့် လှုပ်ရှားမှုများဆောင်ရွက်ခြင်းတို့ကို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် စစ်ကော်မရှင်ကို တီမောလက်စ်တေနိုင်ငံ မြို့တော်ဒီလီ၌ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ရန် ဆွေးနွေး ကမ်းလှမ်းခဲ့ကြောင်း ဖော်ပြသည်။
“နိုင်ငံတကာဆက်ဆံရေး IR မှာ နိုင်ငံတွေက ကိုယ်ကျိုးစီးပွား အခြေပြုပဲ ဆက်ဆံကြတယ်။ စံတန်ဖိုး၊ လူ့အခွင့်အရေး ဆိုတာထက် လက်တွေ့နိုင်ငံရေး Realpolitik အပေါ်မှာပဲ ဆက်ဆံကြတယ်။ NUG ရဲ့ အောင်မြင်မှု သေးသေးလေး ပြန်ဆုံးသွားတာပေါ့” ဟု မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်ဖြစ်ပါက အခွင့်အရေးများစွာ ရှိမည်ဖြစ်သော ကြောင့် အာဆီယံအဖွဲ့ဝင်ဖြစ်ချင်နေပြီး နောက်ဆုံးတွင် ယင်းခရီးစဉ် ဖြစ်တည်လာကာ စစ်ကော်မရှင် အလိုတော်ကျ ပြောဆိုဆွေးနွေးခြင်းမျိုးဖြစ်ကြောင်း လေ့လာသူက ထောက်ပြသည်။
စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံနှင့် ပြည်သူ့အကျိုးစီးပွားကို ရှေးရှု၍ အာဆီယံအကြား ချုပ်ဆိုသည့် နှစ်နိုင်ငံသံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်သူတို့အတွက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး၊ ခရီးသွားလုပ်ငန်း တိုးမြှင့်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
တီမောလက်စ်တေနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် NUG ကို တရားဝင် အသိအမှတ်ပြုထားပြီး ရုံးခန်းဖွင့်လှစ်ခွင့်နှင့် ထောက်ခံကူညီပေးမှုများ လုပ်ဆောင်နေသောကြောင့် စစ်ကော်မရှင်က တီမောအား အာဆီယံအဖွဲ့ဝင်သစ်အဖြစ် ထောက်ခံမည်မဟုတ်ဟု အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌထံ စာပေးပို့ထားကြောင်း သိရသည်။
ဓာတ်ပုံ- MOI