(ကလေး)၊ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် MPT၊ Ooredoo၊ Atom၊ Mytel စသည့် ဆက်သွယ်ရေး အင်တာနက် နှင့် ဖုန်းလိုင်း ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

လက်တလော ကလေးမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ ဖုန်းလိုင်း နှင့် အင်တာနက်တို့ကို စစ်ကော်မရှင်က ဖြတ်တောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ဖုန်းလိုင်း နဲ့ အင်တာနက် မရတာ ဒီနေ့နဲ့ဆို ၆ ရက်လောက်ရှိပြီ။ အော်ရီဒူးဖုန်းလိုင်းက ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေတယ်။ ကျန်တဲ့ ဖုန်းလိုင်းတွေက လုံးဝ မရဘူး။”ဟု ကလေးမြို့ခံ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကလေးမြို့ခံများသည် အင်တာသုံးရန် Mytel fiber အင်တာနက်ရသည့် လက်ဖက်ရည်ဆိုင်နှင့် ငွေလွဲ၊ ငွေထုတ် ဆိုင်များတွင် အခကြေးငွေပေး၍ အသုံးပြုနေရကြောင်း သိရသည်။

“လက်ဖက်ရည်ဆိုင်တွေ ငွေလွှဲ ငွေထုတ်လုပ်တဲ့ ဆိုင်တွေမှာ Mytel fiber အင်တာနက်ရတယ်။ အဲ့ဒီဆိုင် တွေကိုသွား ပိုက်ဆံပေးပြီး အချိန်ပိုင်း အင်တာနက်သုံးလို့ရတယ်။ တချို့ စတားလင့် ဝိုင်ဖိုင် သုံးလို့လည်းရတယ်လို့ ကြားတယ်” ဟု နောက်ထပ် ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် ကလေးမြို့၌ စစ်ရေးပြင်ဆင်မှုများလုပ်ဆောင်ရာတွင် ဖုန်းလိုင်း နှင့် အင်တာနက် တို့ကို မကြာခဏ ဖြတ်တောက်လေ့ရှိသည့်အတွက် ယခုအခါသည်လည်း စစ်ရေးပြင်ဆင်မှုကြောင့် ဖြစ်နိုင်ကြောင်း မြို့ခံပြည်သူများက ဆိုသည်။

ထို့အပြင် စစ်ကော်မရှင်သည် ကလေးမြို့တွင် လမ်းသွားလမ်းလာ လူငယ်များကို ဖမ်းဆီးခြင်းသာမက နေအိမ်များသို့ပင် ဝင်ရောက်၍ စစ်မှုထမ်းရန် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။