ဧရာဝတီတိုင်းမ်
(သံဖြူဇရပ်)၊ စက်တင်ဘာ ၁၉ ရက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ နှင့် ထင်းရှူးကျေးရွာများရှိ စစ်ကော်မရှင်တပ် ကင်းပုန်းများကို ယမန်နေ့ စက်တင်ဘာ ၁၈ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အနင်းကျေးရွာဘူတာရုံအနီးရှိ စစ်ကော်မရှင် ကင်းပုန်းကို စက်တင်ဘာ ၁၈ ရက်၊ နံနက် ၁၀ နာရီ ဝန်းကျင်တွင် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် လေး ဦး မျက်မြင် သေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံမှ သိရသည်။

“မနေ့က ဆိုလို့ရှိရင် ကင်းပုန်းစခန်းနှစ်ခုကို တိုက်ခိုက်ခဲ့တယ်။ သံဖြူဇရပ်မြို့နယ် အနင်းဘူတာရုံ ဘေးနားမှာ ကင်းပုန်းက အင်အား ၁၅ ဦးဝန်းကျင်ရှိတယ်။ ပြီးတော့နေ့လယ် ၁ နာရီလောက်မှာ ဒရုန်းနဲ့ဗုံးကြဲခဲ့တဲ့ ထင်းရှူးရွာဘူတာရုံနားက ကင်းပုန်းမှာ အင်အား ၃၀ ကျော်လောက်ရှိတယ်” ဟု MSRF ပြန်ကြားရေးတာဝန်ရှိသူ မိတလဉာဏ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ထင်းရှူးကျေးရွာဘူတာရုံအနီးရှိ စစ်ကော်မရှင်ကင်းပုန်းကိုလည်း အဆိုပါနေ့ နေ့လယ် ပိုင်းတွင် ဒရုန်းဖြင့်ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်‌ဒဏ်ရာရရှိမှုအခြေအနေကို ထပ်မံ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်ဘက်မှ ၎င်းတို့၏ ကင်းပုန်းစခန်းများတွင် ထပ်မံ အင်အားဖြည့်တင်းခြင်း များပြုလုပ်လျက်ရှိကြောင်းလည်း MSRF ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ကာကွယ်ရေးဌာနမှ တပ်များဖြစ်သော မွန်ပြည်တော်လှန် ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF) နှင့်အတူ ရာမညတပ်‌တော် (RMA)၊ KNLA တပ်ရင်း-၂၇၊ တပ်ခွဲ-၁၊ ဗျူဟာ(၃၃) ဒေါနချေမှုန်းရေးတပ်ခွဲ နှင့် တပင်ရွှေထီးတပ်တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – MSRF