
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၁၁) နယ်မြေကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သင်တန်းသား ၁၇ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ယမန်နေ့ စက်တင်ဘာ ၁၈ ရက် ညသန်းခေါင်ယံက KIA တပ်မဟာ ၁၁ နယ်မြေ တပ်ရင်း ၁၂ နေရာကို ဂျက်ဖိုက်တာ ၃ စင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် စစ်သင်တန်း လေ့ကျင့်ရန် ရောက်ရှိနေကြသည့် သင်တန်းသား ၁၇ ဦးသေဆုံးပြီး ၁၉ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ ၂၆ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
“ဒဏ်ရာရတွေကို ကယ်ထုတ်ဖို့ကြိုးစားနေချိန်မှာ နောက်ထပ် ဗုံးနှစ်ကြိမ် ထပ်လာကြဲလို့ သေဆုံးမှုများ ကုန်တာပါ။ သင်တန်းမပေးရသေးဘူး။ ဖွင့်ဖို့စီစဉ်နေတုန်းပဲရှိသေးတယ်လို့ သိရပါတယ်” ဟု ကချင် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် စစ်သင်တန်းဖွင့်ရန် ပြင်ဆင်နေသည့် နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်က တပ်မဟာ (၁၁) နယ်မြေအပြင် တပ်မဟာ (၉) နှင့် ဖားကန့်၊ နမ္မတီးကျေးရွာများကိုပါ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်သွားကြောင်း သိရသည်။ ဖားကန့်ရှိ မှော်လျှန်ကျေးရွာမှ ရတနာ ကျောက်စိမ်း ကုမ္ပဏီဝင်းအတွင်းကိုလည်း ဗုံးနှစ်လုံးကြဲချတိုက် ခိုက်ခဲ့ကြောင်း သိရသည်။
ပုံစာ-စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်၍ သေဆုံးသွားသော သင်တန်းသားများကို တွေ့ရစဉ်။
#ကချင် #ရွှေကူ #KIA #တပ်မဟာ၁၁ #စစ်ကော်မရှင် #ဗုံးကြဲ #သေဆုံး #သင်တန်းသား #Ayeyarwaddy_Times