
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
စစ်ကျွန်ဇာတ်ရှည်အောင် ပြုလုပ်နေသည့် ရွေးကောက်ပွဲကို အားပေးထောက်ခံနေသူများအနေဖြင့် ပြည်သူအပေါ် ကျူးလွန်နေသော စစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုများအား မမြင်ချင်ယောင် ဆောင်မနေရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က တိုက်တွန်းသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် တရားမဝင် အတုအယောင်ဖြစ်ပြီး အားပေးထောက်ခံနေကြသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအနေဖြင့် ထိုအရာတစ်ခုတည်းကိုပဲ ကြည့်မနေရန် NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောကြားသည်။
“ဒီဟာလုပ်ဖို့ဆိုပြီး အကြမ်းဖက် စစ်တပ်က ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထင်သလို ရက်ရက်စက်စက် ကျုးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို လည်းပဲ မမြင်ချင်ယောင် ဆောင်နေတာမျိုး မလုပ်ကြဖို့ အထူးအရေးကြီးတယ်” ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်း၍ နိုင်ငံ့ခေါင်းဆောင်နှင့် အစိုးရအဖွဲ့ဝင်များကို မတရား ဖမ်းဆီးခြင်းမှာ နိုင်ငံတော် ပုန်ကန်မှုအား ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း NUG က ဆိုသည်။
ထို့ကြောင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါအရ စစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပြီး NUG ကလည်း နိုင်ငံတော်နှင့် ပြည်သူရန်သူအဖြစ်ပါ သတ်မှတ်ထုတ်ပြန်ထားကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီ (အမည်ပြောင်း) စစ်ကော်မရှင်ကိုလည်း ထိုကဲ့သို့ သတ်မှတ်ထားပြီး ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းများသည် အကြမ်းဖက် အုပ်စုဝင်များဖြစ်ကြောင်း CRPH ၊ NUG နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့က ပူးတွဲထုတ်ပြန်သည်။
“ဒီကြေညာပြီးနောက်မှာလည်း NUG အနေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ဒီအဖွဲ့တွေနဲ့ ဆက်စပ်ပတ်သက်တဲ့ သူတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုသည်။
အဆိုပါသုံးဖွဲ့၏ ယမန်နေ့ စက်တင်ဘာ ၁၈ ရက် ပူးတွဲထုတ်ပြန်ချက်တွင်လည်း စစ်ကော်မရှင်နှင့် ၎င်းလက်အောက်ခံ အဖွဲ့အစည်းများ အားလုံး၏ လုပ်ဆောင်ချက် မှန်သမျှသည် တရားဝင်မှု မရှိကြောင်းနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ဖော်ပြထားသည်။
ထို့အပြင် စစ်ကော်မရှင်က တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များနှင့် တော်လှန်ရေး အင်အားစုများကို အကြမ်းဖက်အဖြစ် ကြေညာထားမှုမှာ တရားမဝင် ပျက်ပြယ်ပြီး ရွေးကောက်ပွဲသည်လည်း စစ်ကျွန်ဇာတ်ရှည်အောင် ပြုလုပ်မှုဖြစ်သည်ကို တဖြေးဖြေးပေါ်လွင်လာကြောင်း NUG က ပြောကြား ထားသည်။
အလားတူ အာဏာသိမ်းကာလ လေးနှစ်ကျော်အကြာတွင် အသွင်ပြောင်းခဲ့သော စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုများနှင့် ငါးဦးအထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာကြောင်း NUG ထံမှ သိရသည်။
ပုံစာ- စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ပုံဟောင်း)