ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ ဖားကန့်ဗျူဟာအနီး ကျေးရွာများကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာအချို့ကို ထိန်းချုပ်ထားကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့တွင် ဆိုင်းတောင်ရှိ မှော်တောင်းနှင့် ဆန်းကြွယ်ရွာတို့ကို စစ်ကော်မရှင်က ဝင်ရောက်နေရာယူလိုက်ကြောင်း ဒေသခံများကပြောသည်။
KIAတပ်ဖွဲ့များ နောက်ဆုတ်ပေးလိုက်ရသည့် ဆန်းကြွယ်ကျေးရွာအတွင်း စစ်ကော်မရှင်က နေရာဝင်ယူကာ ရတနာမိုးမြေ ကုမ္ပဏီပိုင် စက်ယန္တရားများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
”ဖားကန့်မြို့ထဲ စစ်တပ်ရောက်လာပြီးကတည်းက ကျောက်စိမ်းလုပ်ကွက်တွေထဲ ကားတွေ၊ စက်တွေကို ဝင်မီးရှို့တယ်။ ဒီနေ့လည်း ဆန်းကြွယ်ထဲ မီးရှို့နေတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်က ဆန်းကြွယ်ကျေးရွာကို ဝင်ရောက်လာပြီး ယမန်နေ့က လက်နက်ကြီးများဖြင့် အနီးအနားကျေးရွာများကို ပပစ်ခတ်တိုက်ခိုက်သည့်အတွက် အထက်မှော်ရှန်ရွာအနီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စက်တင်ဘာလဆန်းမှစတင်ကာ ဆန်းကြွယ်၊ မှော်တောင်း၊ ရှရော်ခ၊ ညောင်ပင်ကုန်းတို့ကို စစ်ကော်မရှင်က စစ်ကြောင်းထိုးနေပြီး ဖားကန့်ဗျူဟာမှ လက်နက်ကြီး ပစ်ကူများ ဆက်တိုက်ပစ်ကူနေခဲ့သည်။
ယမန်နေ့ကလည်း ဆိုင်းတောင်၊ ဆူးပုတ်ကုန်းဘက်ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲများကြောင့် အေးမြသာယာ၊ မှော်တောင်း၊ ဆန်းကြွယ်၊ ညောင်ပင်ကုန်း စသည့် ကျေးရွာများမှ စစ်ဘေးရှောင် ၃၀၀၀ ခန့် ရှိနေပြီး ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများတွင် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ဘေးရှောင်များအနေဖြင့် စစ်ဘေးရှောင်ရာတွင် နန့်မဖြစ်၊ မှော်စီဆာ၊ လုံးခင်း ဘက်သို့စစ်ရှောင်နိုင်ကြပြီး အောက်မှော်များဘက်မသွားကြရန် ဖားကန့် လူမှုရေးအဖွဲ့များက သတိပေးထားသည်။
ပုံစာ-ဖားကန့်ကျောက်စိမ်းကုမ္ပဏီတစ်ခုကို စစ်ကော်မရှင်မီးရှို့ထားစဥ်(ပုံဟောင်း)