‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၁၈ရက်

‎စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက် နေပြီး ကာကင်းစခန်းများကို သိမ်းယူထားနိုင်ကြောင်း သိရသည်။

‎ပြီးခဲ့သည့် စက်တင်ဘာ ၁၅ရက်နေ့မှစ၍ ယနေ့ စက်တင်ဘာ ၁၈ရက်နေ့ထိ ဗန်းမောက်မြို့သိမ်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကော်မရှင်နှင့် ရှမ်းနီတပ် (SNA) တို့၏ ကာကင်းစခန်း ခြောက်ခုအထိကို သိမ်းယူထားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

‎”တိုက်ပွဲက လေးရက်အထိ ဆက်ဖြစ်နေတုန်းပဲ။ ကာကင်းကုန်းတွေကိုသိမ်းပြီး မြို့ထဲထိ ထိုးဖောက်ဖို့ ကြိုးပမ်းနေတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ဗျူဟာမှူး ရဉ်ထွန်းဦးစီးသည့် SNAတပ်မဟာ ၆၁၄၊ အင်အား ၄၀၀ တပ်စွဲနေရာ ယူထားသည့်မြစ်သေးချင်းရွာ ကာကင်းကုန်း-၁ ၊ ကာကင်းကုန်း-၂ ၊ တာဝါတိုင်ကုန်း၊ AGBT၊ ကျွဲကောကုန်း၊ စက်တောကုန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူထားပြီးဖြစ်ကြောင်း PDF Insight တွင် ဖော်ပြထားသည်။

‎ဗန်းမောက်မြို့တွင် စစ်ကော်မရှင်တပ်နှင့် SNA ပူးပေါင်းတပ်များစိုးမိုးနေရာယူထားပြီး ရှမ်းနီလူမျိုး အများစု‌နေထိုင်ကြောင်း သိရသည်။ ‎တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ပင်လည်ဘူးနှင့် အင်းတော်မြို့ကြားတွင် တည်ရှိသည့် ဗန်းမောက်မြို့တွင် သတ္တုတူးဖော်ရေးနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများ ရှိသည်။

‎အမှတ် (၁) စစ်ဒေသ ကသာခရိုင်ကွပ်ကဲရေးမှူးဦးဆောင်မှုဖြင့် ကသာခရိုင်တပ်ရင်း ၂၊ ၄၊ ၅၊ အမှတ် (၁) ဒေသစစ်ကြောင်း၊ အထူးလှုပ်ရှားတပ်ရင်းများ၊ ကသာခရိုင် ပကဖလှုပ်ရှားအဖွဲ့၊ ကသာခရိုင် လက်နက် ကြီး အဖွဲ့၊ ဗန်းမောက်မြို့နယ် ပကဖတို့က ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် ဝင်ရောက် တိုက်ခိုက် နေခြင်းဖြစ်သည်။

‎ဗန်းမောက်မြို့တွင်း ဒေသခံများကို SNAတပ်က ထွက်ခွင့်မပြုဘဲ တားမြစ်ထားသည့်အတွက် ဒေသခံ ၈၀၀၀ နီးပါး ပိတ်မိနေသည်ဟု ဒေသခံများနှင့် နီးစပ်သူများထံမှ သိရသည်။