ဧရာဝတီတိုင်းမ်
(မွန်)၊ စက်တင်ဘာ ၁၈ ရက်

မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) နှင့် မွန်ပြည်နယ် အတိုင်ပင်ခံကောင်စီ(MSCC) တို့သည် စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲကိုအတူ ပူးပေါင်းဆန့်ကျင်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့က ပထမဆုံးအကြိမ်တွေ့ဆုံပွဲအတွင်း သဘောတူညီခဲ့ကြသည်။

ပထမအကြိမ် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွင် မွန်ပြည်နယ်အတွင်းရှိ နိုင်ငံရေး၊ စစ်ရေးဖြစ်စဉ်များကို သုံးသပ်ဆွေးနွေးခြင်း၊ စစ်ကော်မရှင်မှ ကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲအကြောင်း ဆွေးနွေးကာ ဆန့်ကျင်သွားရန်နှင့် ရှေ့ဆက်လက်တွဲလုပ်ဆောင်သွားမည့်လုပ်ငန်းစဥ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကျွန်တော် တို့အစုအဖွဲ့နှစ်ခုအကြား မွန်ပြည်နယ်အတွင်းက စစ်ရေးနိုင်ငံရေးအခြေအနေအရပ်ရပ်ကို အမြင်ဖလှယ် သုံးသပ်ဆွေးနွေးပြီးနောက်မှာတော့ စကမ(စစ်ကော်မရှင်) ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို အတူတကွဆန့်ကျင်ကြဖို့ သဘောတူခဲ့ကြပါတယ်။ ဒီရွေးကောက်ပွဲကို ပြည်နယ် တွင်းက တော်လှန်ရေးအင်အားစုတွေ အတုတကွ ပူးပေါင်းဆန့်ကျင်ရင်း ရှေ့ဆက်လက်တွဲလုပ်ဆောင် သွားကြဖို့ဖြစ်ပါတယ်” ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဘုန်းမြတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆွေးနွေးပွဲတွင် MSFC သဘာပတိ နိုင်ကောင်းရွက် ဦးဆောင်သောအဖွဲ့ နှင့် ၂၀၂၀ ရွေး ကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ် စားလှယ်များ၊ အခြားအစုအဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် MSCC ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင် ဦးဆောင်သောအဖွဲ့တို့မှ အွန်လိုင်းမှတဆင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“စကမ(စစ်ကော်မရှင်) ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်အတွက် ကြိုးပမ်းမှုသပ်သပ်သာဖြစ်ပြီးတော့ သူကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံရေးခဝါချဖို့ ကြိုးပမ်းတာသာဖြစ်တယ်။ တရားဝင်မှုမရှိပါဘူး” ဟု နိုင်ဘုန်းမြတ်က ဆက်လက်ပြောဆိုခဲ့သည်။

စစ်ကော်မရှင်၏ လာမည့်ဒီဇင်ဘာလအတွင်း ပြုလုပါမည့် ရွေးကောက်ပွဲအပိုင်း(၁)ကို မွန်ပြည်နယ် အတွင်း မော်လမြိုင်၊ ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊ သထုံ မြို့နယ်များတွင် ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည့် အမျိုးသမီးပါတီ(မွန်)မှာလည်း ဝင်ရောက် ယှဉ်ပြိုင်ရန် အရည်အချင်းမမှီဟုဆိုကာ ဖျက်သိမ်းခံထားရကြောင်း သိရသည်။

ဓာတ်ပုံ – MSFC