
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
မြန်မာနိုင်ငံ၏ အဓိက သယံဇာတဖြစ်သော ကျောက်စိမ်းကို အများဆုံးဝယ်ယူသည့် တရုတ်နိုင်ငံသို့ ပတ္တမြားနှင့် နီလာဈေးကွက် တိုးချဲ့ရောင်းချရန် စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြင်ဆင်နေကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ နန်နင်းမြို့ရှိ ကုန်သွယ်ရေးအသင်းနှင့် စီးပွားကူးသန်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းတို့ စက်တင်ဘာ ၁၆ ရက်နေ့က တွေ့ဆုံစဉ် ယင်းအစီအစဉ်ကို ဆွေးနွေး ခဲ့ခြင်းဖြစ်သည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
ပုံမှန်အားဖြင့် မြန်မာ့အရည်အသွေးမြင့် ပတ္တမြားနှင့် နီလာတို့ကို အနောက်နိုင်ငံများက အဓိက ဝယ်ယူလေ့ရှိသော်လည်း အမေရိကန်အစိုးရ၏ စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှု (sanction) များကြောင့် တရုတ်ဈေးကွက်သို့ ပြောင်းလဲဦးတည်ရောင်းချရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရသည်။
ဥရောပနိုင်ငံများသည် မြန်မာ့နီလာကိုနှစ်သက်မှုပိုများပြီး နီလာဖြင့်ဖန်တီးထားသည့် လက်ဝတ် ရတနာများကို အမေရိကန်ဒေါ်လာသန်းနှင့်ပေးဝယ်ယူမှု၊ လေလံတင်ရောင်းချမှုများရှိကြောင်း စုံစမ်း သိရသည်။
စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးချစ်ဆွေက ပတ္တမြားနှင့် နီလာတို့ကို တရုတ်နိုင်ငံဈေးကွက်သို့ ရောင်းချရန် မျှော်လင့်နိုင်ကြောင်း ပြောကြားခဲ့ပြီး မြန်မာ့ကျောက်မျက် ရတနာဈေးကွက်မြှင့်တင်ရေးအတွက် လုပ်ငန်းရှင်များအသင်း (ရန်ကုန်) နှင့် မြန်ကုန်သွယ်မှုစင်တာ (ဟိုင်နန်) တို့အကြား သဘောတူညီချက်များ ရရှိခဲ့ကြောင်းလည်း သိရသည်။
မြန်မာ့နီလာသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အရည်အသွေးအကောင်းဆုံးဖြစ်ပြီး ပတ္တမြားမှာလည်း ရှေးခေတ်ဘုရင်များလက်ထက်ကတည်းက တော်ဝင်ရတနာအဖြစ် သုံးစွဲခဲ့ပြီး မိုးကုတ်၊ ပင်လုံ၊ နဝရတ်၊ မိုင်းရှူး၊ ဖားကန့် စသည့် ဒေသများမှ ကျောက်မျက်ရတနာမျိုးစုံ ထွက်ရှိသည်။
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဧပြီလတွင် အမေရိကန်အစိုးရက မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်း (Myanmar Gems Enterprise) အရေးယူ ပိတ်ဆို့လိုက်ခြင်းပြီး စစ်အုပ်စု၏ အဓိက ငွေဝင်လမ်းတစ်ခုကိုပိတ်နိုင်ခြင်းဖြစ်သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ လက်အောက်ရှိ မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်းသည် ကျောက်မျက်တူးဖော်ရေးကဏ္ဍ အားလုံးနီးပါးကို တာဝန်ယူထားခြင်း ဖြစ်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်အပါအဝင် စစ်အုပ်ပိုင် ကုမ္ပဏီများ တူးဖော်မှုအများဆုံးကြောင်းသိရသည်။
ဓာတ်ပုံ – ssef , လူမှုကွန်ရက်