
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့မရဲစခန်းကို ကန့်ဘလူခရိုင် ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၇ရက် နေ့လယ် ၃နာရီခန့်တွင် ကန့်ဘလူမြိူ့နယ် ဇီးကုန်းမြို့ ရဲစခန်းကို ကန့်ဘလူခရိုင် ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့က လျှပ်တပြက်ဝင်ရောစီးနင်းခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်သည်။
အမှတ်၁စစ်ဒေသ ကန့်ဘလူခရိုင်ကွပ်ကဲရေး စီမံချက်အနေနဲ့ အခုပြောက်ကျားစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအပြီး ရဲနှင့်ပျူစောထီး ခြောက်ယောက်အထက် သေဆုံးပြီး ရဲအရာရှိ နှစ်ဦးအပါအဝင် ခြောက်ဦးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် G3 ရိုင်ဖယ် ကိုးလက်၊ MA-1 ရိုင်ဖယ် တစ်လက်နှင့် ပစ္စတိုတစ်လက် တို့ကို သိမ်းဆည်းရမိခဲ့ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။
ဇီးကုန်းရဲစခန်းနှင့် ပျူစောထီးအဖွဲ့ဝင်များသည် ဒေသခံပြည်သူများကို ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ပါးရိုက်နှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် ပစ္စည်းလုယက်ခြင်းများ မကြာခဏပြုလုပ်လေ့ရှိသောကြောင့် ဝင်ရောက်ရှင်းလင်းရခြင်းဖြစ်သည်ဟုလည်း ပကဖ က ထည့်သွင်းပြောကြားသည်။ အဆိုပါ တိုက်ခိုက်မှုကို ရေဦးမြို့နယ်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ကလည်းပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကိုင်းတိုင်းပကဖ။