
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု စွပ်စွဲကာ အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို ခန့်မှန်းလူဦးရေ မဲဆန္ဒရှင်စာရင်းများဖြင့် ပြုလုပ်သွားရန် ပြင်ဆင်နေကြောင်း သိရသည်။
စစ်ခေါင်းဆောင်ဦးဆောင်သည့် စစ်ကော်မရှင်သည် ရွေးကောက်ပွဲအတွက် ၎င်းတို့ကောက်ယူထားသည့် ၂၀၂၄ သန်းခေါင်စာရင်းကို အခြေပြုထားပြီး စစ်ဘေးနှင့် သဘာဝဘေးများကြောင့် အချက်အလက်များ တိကျမှု မရှိဘဲ ခန့်မှန်းထည့်သွင်းထားမှုများစွာ ပါဝင်နေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
သို့သော် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းတွင်မူ ပြည်သူ့မဲစာရင်း ၉၀ ရာခိုင်နှုန်းကျော် မှန်ကန်ခဲ့ပြီး စစ်တပ်၏ မဲစာရင်းသာ မှန်ကန်ခြင်းမရှိသလို အာမခံချက်မရှိကြောင်း စစ်ခေါင်းဆောင် မဲပေးခဲ့သော မြို့နယ်၏ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်းထံမှ သိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၀ ရွေးကောက်ပွဲကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ မဲလာပေးခဲ့ပြီး ထိုအတွက် တပ်မဲစာရင်း ပြုစုရာတွင်လည်း ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် တိုက်ရိုက်ကောက်ယူခွင့် မရရှိဘဲ ပေးပို့လာမှုများကိုသာ အတည်ပြုပေးရကြောင်း သိရသည်။
“သူတို့စစ်တပ် လုံခြုံရေးအရဆိုပြီး အကြောင်းပြထားသလို ရွေးကော်ဥပဒေမှာလည်း သူတို့ ပေးပို့လာတဲ့ မဲဆန္ဒရှင်စာရင်းကို သက်ဆိုင်ရာ ရွေးကော်က စိစစ်ပြီး အတည်ပြုလက်ခံရမယ်လို့ ပါတယ်” ဟု ဇေယျာသီရိမြို့နယ် ၂၀၂၀ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးမောင်မောင် က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် တပ်အကျိုးစီးပွားအတွက် ရေးဆွဲအတည်ပြု ပြဋ္ဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က အဓိကနေရာများ၌ စိုးမိုးချုပ်ကိုင်ထားသလို လူဝန်မှု ကြီးကြပ်ရေးဝန်ကြီးဌာန (လဝက)နှင့် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်တွင်လည်း ပါဝင်ကာ မဲမသမာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခြေအနေများအပြင် စစ်ကော်မရှင်နှင့် ပတ်သက်ဆက်နွယ်နေသည့် ကြံ့ခိုင်ရေးအပါအဝင် ပါတီအချို့ကလည်း မဲပေးရာ တံဆိပ်တုံးခိုးယူမှုနှင့် မဲလိမ်မဲခိုးမှုများ ပြုလုပ်၍ ရွေးကောက်ပွဲ မရှုမလှ ရှုံးသောအခါ ပြန်လည်စစ်ဆေး ကျင်းပပေးရန် အပြစ်တင်တောင်းဆိုပြီး အာဏာသိမ်းရေး မြှောက်ပင့် ပေးခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးမောင်မောင်ထံမှ သိရသည်။
ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ စောဘဦးလေးကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်သည် ရွေးကောက်ပွဲရလဒ်များကို ကန့်ကွက်ခွင့်၊ သို့မဟုတ် ရွေးကောက်ပွဲကျင်းပခွင့် မရှိ ကြောင်း ပြောဆိုထားသည်။
“၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်း မှားယွင်းတာ၊ မမှားယွင်းဘူး ဆိုတာနဲ့ အဲဒီအချက်တွေအပေါ် စစ်ဆေးပေးပါ။ မဲရလဒ်အပေါ် ကန့်ကွက်တယ် ဆိုတဲ့ အချက်တွေဟာ စစ်တပ် (သူတို့အခေါ် တပ်မတော်)၊ တပ်ချုပ်တို့နဲ့ လားလားမျှ မဆိုင်ပါဘူး” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် စစ်ကော်မရှင်က ယခုအချိန်ထိ ဖက်တွယ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သက်ဆိုင်ရာ လွှတ် တော်ဥပဒေ၊ နည်းဥပဒေများ၌လည်း စစ်တပ်နှင့် တပ်ချုပ်တို့သည် ရွေးကောက်ပွဲ ရလဒ်များကို ကန့်ကွက်နိုင်၊ ရွေးကောက် ပွဲ ကော်မရှင်အား ပြန်လည်၍ စစ်ဆေးခိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားခြင်း မရှိကြောင်း သိရသည်။
“အာဏာထိန်းတယ်ပဲပြောပြော၊ အာဏာသိမ်းတယ်ဆိုဆို နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို ရယူခဲ့တဲ့ စစ်တပ်ဟာ ၂၀၀၈ ခြေ/ဥ ပြဋ္ဌာန်းချက်တွေအရ ၎င်းတို့ ကမကထပြုပြီး ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပပိုင်ခွင့် မရှိပါဘူး” ဟု ဥပဒေပညာရှင်ဖြစ်သူ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဆက်လက်ထောက်ပြသည်။
လက်ရှိတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ပြည်သူလူထုနှင့် နိုင်ငံတကာက လက်မခံဆန့်ကျင် နေသော်လည်း စစ်ကော်မရှင်သည် တရုတ်၊ ရုရှား၊ အိန္ဒိယ စသည့်နိုင်ငံအချို့၏ ထောက်ခံ ကူညီမှုများဖြင့် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်လျက်ရှိသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲ အပိုင်း(၁)ကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပရန်ပြင်ဆင်နေသော်လည်း အဆိုပါ ဒေသအများစုသည် တော်လှန်ရေး အင်အားစု များနှင့် တိုက်ပွဲဖြစ်ပွားနေ၍ တည်ငြိမ်မှုမရှိကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ- ၂၀၂၀ ရွေးကောက်ပွဲကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် မဲလာပေးခဲ့သော စစ်ခေါင်းဆောင်။