
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
စစ်ကော်မရှင်တပ်နှင့် တော်လှန်းရေးတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားရာ ဒေသများအတွင်း သေဆုံးနှင့် ဒဏ်ရာရသူအများစုမှာ ဧရာဝတီတိုင်းမှ ပြည်သူ့စစ်မှုထမ်းများသာဖြစ်ကြောင်း သေဆုံးသူအချို့၏ မိသားစုဝင်များထံက သတင်းရရှိသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းများကို အသေခံ တိုက်ခိုင်းပြီး အရာရှိများနှင့် ယခင်စစ်သားဟောင်းများက နောက်တန်းမှနေ၍ ညွှန်ကြားသည်ဟု ပြည်သူ့စစ်မှုထမ်းများ၏ မိသားစုဝင်များကပြောသည်။
“စစ်မှုထမ်းတွေကို ရှေ့ကနေထားပီးတိုက်တာ၊ အရာရှိနဲ့ တကယ်စစ်သား အစစ်တွေက နောက်တန်းမှာနေတာ။ အတင်းပစ်ခိုင်းတာ။ မပစ်ရင်လဲ အရိုက်ခံရတယ်။ ကလေးတွေမှာ ရွေးချယ်စရာလဲ မရှိဘူး။ ထွက်ပြေးဖို့ကလဲ ဘယ်လို့မှ မလွယ်ဘူး။ ကြောက်တော့လဲ သူတို့ခိုင်းတာလုပ်ရတယ်ဟု” ဧရာဝတီတိုင်းအတွင်း အဓမ္မပြည်သူ့စစ်မှုထမ်း စုဆောင်းခံရသူ၏ မိခင်ဖြစ်သူက ဧရာဝတီတိုင်းမ်ကိုဆက်သွယ်ပြောဆိုသည်။
ဒဏ်ရာရ၊ ခြေပြတ်လက်ပြတ် စစ်မှုထမ်းများကို စစ်ကော်မရှင်တပ်၏ စစ်ဆေးရုံများတွင် လုံခြုံရေးအပြည့်ဖြင့် ဆေးဝါးများကုသပေးထားပြီး မိသားစုများထံ ဆက်သွယ်ခွင့်မပြုကြောင်းလည်း သိရသည်။
“တိုက်ပွဲထွက်မယ်ဆိုရင်လဲ ကြိုတင်မပြောဘူး၊ ဘယ်လွှတ်မယ်မပြောဘူး၊ အထုတ်ပြင် ကားပေါ်အတင်းတက်ခိုင်းပီး သူတို့လွှတ်ချင်တဲ့နေရာလွှတ်တာ။ ဖုန်းလဲမကိုင်ရတော့ဘူး။ သေတယ်၊ ဒဏ်ရာရတယ်ဆိုမှ တပ်ရင်းမှူးက အိမ်ကိုအကြောင်းကြားပေးတယ်”ဟု ထွက်ပြေးလွတ်မြောက် လာသည့် စစ်မှုထမ်းတစ်ဦးကပြောသည်။
လက်ရှိတွင်လည်း ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် စစ်ကော်မရှင်တပ်တို့ပူးပေါင်းကာ အဓမ္မစစ်မှုထမ်းများစုဆောင်းလျှက်ရှိသည့်အပြင် လူငယ်အချို့မှာလည်း ပြောက်ဆုံးမှုများရှိနေပြီး စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံနေရကြောင်း စုံစမ်းသိရှိရသည်။
စစ်ကော်မရှင်တပ် စစ်မှုထမ်း အပတ်စဉ် ၁၇ ကိုလည်း စက်တင်ဘာ ၁၅ ရက်နေ့က ဖွင့်လှစ်ခဲ့ကာ ယခုအခါစစ်သင်တန်းပေးနေပြီး သင်တန်းပြီးဆုံးသည့်အပတ်စဉ်များကို တိုက်ပွဲဖြစ်ပွားရာ ဒေသများကို ပို့ဆောင်လျှက်ရှိသည်။
ဓာတ်ပုံ-ဒဏ်ရာရ စစ်ကော်မရှင်တပ်သားများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ