
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
စစ်ကော်မရှင်၏ အင်တာနက်အသုံးပြုမှု ထိန်းချုပ်ရေးတွင် တရုတ်နည်းပညာကုမ္ပဏီ Geedge သည် အဓိကပါဝင်နေပြီး VPN အသုံးပြု၍ အင်တာနက်ကျော်ခွသူများကိုပင် ခြေရာခံနိုင်သည့်စနစ်ကို ရောင်းချနေကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်သည်။
JFM ၏ ထုတ်ပြန်ချက်တွင် တရုတ်ကုမ္ပဏီ Geedge နှင့်ပတ်သက်သော လျှို့ဝှက်စာရွက်စာတမ်းများ တစ်သိန်းကျော် ပေါက်ကြားခဲ့ပြီး ထိုစာရွက်စာတမ်းများတွင် မြန်မာနှင့် ပါကစ္စတန်နိုင်ငံတို့သို့ တရုတ်၏ ဆင်ဆာပိတ်ပင်ရေးနှင့် စောင့်ကြည့်ထောက်လှမ်းရေးစနစ်များကို တိတ်တဆိတ်ရောင်းချနေသည်ဟု ဖော်ပြထားသည်။
🟥လူမှုကွန်ရက်သုံးစွဲသူ ၃၃.၅ သန်းကို ထောက်လှမ်းထိန်းချုပ်
စစ်ကော်မရှင်သည် ပြည်တွင်းတယ်လီကွန်းအော်ပရေတာများ၏ အကူအညီဖြင့် မြန်မာနိုင်ငံရှိ အင်တာနက်သုံးစွဲသူ ၃၃.၅ သန်း၏ အွန်လိုင်းလှုပ်ရှားမှုများကို ဘက်စုံထောက်လှမ်းခြင်း၊ ဆင်ဆာပိတ်ပင်ခြင်းနှင့် ထိန်းချုပ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ၌ လူသုံးများသော TikTok ကိုပင် ယခင်က VPN မလိုဘဲ သုံးစွဲနိုင်ခဲ့သော်လည်း ယခုအခါ VPN ခံပြီးမှသာ ချိတ်ဆက်အသုံးပြုနိုင်ကြောင်း ရန်ကုန်ရှိ လူမှုကွန်ရက်သုံးစွဲသူများထံမှ သိရသည်။
“အရင် Facebook သုံးရင် VPN ခံရတယ်။ TikTok သုံးတဲ့အခါ VPN ဖြုတ်ထားမှ လိုင်းကောင်းတယ်။ အခုတစ်လ၊ နှစ်လလောက်ရှိပြီ။ TikTok လည်း VPN ခံသုံးရတယ်။ Instagram လည်း VPN ခံသုံးရတယ်” ဟု ရန်ကုန်မြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
🟥VPN များ ပိတ်ပင်ခြင်း
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် တရုတ်နည်းပညာကုမ္ပဏီ Geedge က မြန်မာနိုင်ငံတွင် Tiangou Secure Gateway ( TSG) စနစ်တပ်ဆင်စမ်းသပ်နှင့် လေ့ကျင့်သင်ကြားမှုများပြုလုပ်ပေးခဲ့ပြီး ထိုသို့ပြုလုပ်ရာတွင် VPN ပိတ်ပင်ခြင်း၊ YouTube ကန့်သတ်ခြင်းနည်းလမ်းများ ပါဝင်ကြောင်းသိရသည်။
ထို့ပြင် စစ်ကော်မရှင်သည် အင်တာနက်ကျော်ခွအသုံးပြုရသော လူသုံးများသည့် vpn များကို တရုတ်နည်းပညာကုမ္ပဏီ Geedge စနစ်ဖြင့် ပိတ်ပင်လိုက်နိုင်ခြင်းဖြစ်ကြောင်း JFM ထုတ်ပြန်ချက်တွင်ပါဝင်သည်။
စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် လူမှုကွန်ရက်စာမျက်နှာ Facebook သုံးစွဲမှုပိတ်ထားသဖြင့် VPN ( Virtual Private Network) ကြားခံဖြင့် အင်တာနက်ကျော်ခွချိတ်ဆက်အသုံးပြုပြီးနောက် ၂၀၂၄ ခုနှစ်တွင် အခမဲ့နှင့် အခပေးရသည့် VPN နာမည်အမျိုးအစားပေါင်းများစွာကို ပိတ်ပင်ထားသည်။
တရုတ်ကုမ္ပဏီ Geedge သည် စစ်ကော်မရှင်၏ ဒစ်ဂျစ်တယ်ဖိနှိပ် ထိန်းချုပ်မှုတွင်ပါဝင်ပြီး အင်တာနက်အသုံးပြုသူများကို ခြေရာခံခြင်း၊ နှုတ်ပိတ်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်ခြင်တို့ လုပ်ဆောင်ရာတွင် ပါဝင်ပတ်သက်နေပြီး လူမှုကွန်ရက်တွင် CRPHI NUG တို့အကြောင်း ထောက်ခံရေးသားသူများကို စစ်ကော်မရှင်က ဖမ်းဆီးလျက်ရှိသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်