(မဏိပူရ်)၊ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်

 

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ တင်နိုပယ်ခရိုင်၊ နာဂကျေးရွာတွင် ယာယီ ခိုလှုံနေကြသည့် မြန်မာစစ်ဘေးရှောင်များကို ဒေသတွင်း နာဂအဖွဲ့အစည်းတစ်ခုမှ တစ်လအတွင်း နေရပ်ပြန်ရန် စက်တင်ဘာ ၁၀ ရက်နေ့တွင် စာပေးပို့ သတိပေးလာသည့်အတွက် စစ်ဘေးရှောင်များသည် စိုးရိမ်နေကြကြောင်း သိရသည်။

 

အဆိုပါ မြန်မာစစ်ဘေးရှောင်များသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တမူးမြို့နယ်နှင့် မော်လိုက်မြို့နယ်မှ တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံများဖြစ်ပြီး လက်ရှိလည်း တိုက်ပွဲများ ပြင်းထန်နေသေးသည့်အတွက် နေရပ်ပြန်ရန် စိုးရိမ်နေကြခြင်းဖြစ်သည်။

 

“ရွာတွေဘက်မှာ တိုက်ပွဲတွေရှိနေသေးလို့ မပြန်သေးတာပါ။ လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိနေသေးတယ်။ ဒီလိုအခြေအနေမျိုးမှာ ရွာပြန်ခိုင်းမယ်ရင် သေတွင်းပို့တာနဲ့ အတူတူပဲ” ဟု တမူးမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မိုးတွင်းကာလ စစ်ဘေးရှောင်များ နေရပ်ပြန်ပါက အလုပ်အကိုင်ရှားပါးပြီး မိသားစု စားဝတ်နေရေးအပြင် အထွေထွေကျပ်တည်းမှုများ ကြုံတွေ့နိုင်ကြောင်း ဆိုသည်။

 

“ရွာပြန်ရင် အရင်ဆုံး အိမ်တွေပြန်ဆောက်ရမယ်။ အိမ်ပြန်ဆောက်ဖို့ဆိုတာ ပိုက်ဆံရှိမှ အဆင်ပြေမယ်။ ရွာရောက်တော့လည်း စားဝတ်နေရေးအတွက် အလုပ်လုပ်ရမယ်။ မိုးတွင်းမှာ ဘာအလုပ်မှလည်း မရှိဘူး။ ပြောင်းရွှေ့ဖို့ စရိတ် စတာတွေ အကုန်ကျများမယ်။ မိုးတွင်းကာလ ဘယ်လိုမှ နေရပ်ပြန်ဖို့ အဆင်မပြေဘူး” ဟု ကလေးမြို့နယ်မှ စစ်ဘေးရှောင်တဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

နာဂအဖွဲ့အစည်းမှ မည်သည့်အတွက်ကြောင်း နေရပ်ပြန်ခိုင်းသည်ကို မသိရှိသော်လည်း ဒေသခံ နာဂလူမျိုးများသသည် မြန်မာစစ်ဘေးရှောင်များ ခိုလှုံနေထိုင်သည်ကို မနှစ်မြိုကြောင်း သိရသည်။

 

“တစ်လအတွင်း နေရပ်ပြန်ရမယ်ဆိုတာ စာထဲမှာပါတယ်။ ဘာကြောင်းပြန်ခိုင်းတာလဲဆိုတာတော့ စာထဲမှာလည်းမပါဘူး။ ဒါကြောင့် ပြန်ခိုင်းရတဲ့အကြောင်းရင်း မသိရဘူး။ ရွာသားတွေလည်း စစ်ဘေးရှောင်တွေနေတာ မကြိုက်ကြဘူး။ အဲဒါလည်း ပါမယ်ပေါ့လေ။ စစ်ဘေးရှောင်တွေဆို ဟင်းရှာတာ၊ နေ့စားလိုက်တာ၊ တောင်ယာခုတ်တာကအစ မကြိုက်ဘူး။ သူတို့ယခင်းထဲက ဖြတ်လျှောက်ကအစ မကြိုက်ဘူး” ဟု စစ်ဘေးရှောင်တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

မြန်မာ စစ်ဘေးရှောင်များ နေရပ်မပြန်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စစ်ဘေးရှောင်တာဝန်ရှိသူတို့ တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ရန် စီစဥ်နေကြောင်း သိရသည်။

 

“အုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းကြည့်ရမယ်ပေါ့လေ။ အဓိကတော့ စစ်ဘေးရှောင်တွေ အခက်ခဲတွေကို အုပ်ချုပ်ရေးမှူးတွေဆီ တင်ပြမယ်။ ဆွေနွေးညှိနှိုင်းကြည့်မယ်။ ပြန်ဖြစ်မယ်ဆိုရင်တောင် မိုးတွင်းဘက်မပြန်ဖို့ ဆွေးနွေးဖို့ရှိတယ်” ဟု စစ်ဘေးရှောင်တာဝန်ရှိက ထပ်မံပြောကြားသည်။

 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကလည်း ကမ်ဂျွန်ခရိုင်တွင် ယာယီခိုလှုံနေကြသည့် မြန်မာစစ်ဘေးရှောင်များကို ခရိုင်အုပ်ချူပ်ရေးအဖွဲ့မှ နေရပ်ပြန်ရန် အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းခဲ့သည်။

 

ပုံစာ-မဏိပူရ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်များကို တွေ့ရစဥ်။(ဓာတ်ပုံ-လူမှုကွန်ရက်)