ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်

 

နေပြည်တော်ရှိ ဟိုတယ်များတွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးဝန်ထမ်းများ၏ စွမ်းဆောင် ရည်ကို မြှင့်တင်ရန်အတွက် မြန်မာ့ရိုးရာသိုင်းသင်တန်းကို ယမန်နေ့ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက ရွှေနန်းတော်ဟိုတယ်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့က ပူးပေါင်းစီစဉ်ပေးခြင်းဖြစ်ပြီး သိုင်းသင်တန်းသို့ စစ်ကော်မရှင်၏ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အား/လူငယ် နှင့် ဟိုတယ်/ခရီး ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က “ယခုသင်တန်းသည် လုံခြုံရေးဝန်ထမ်းများ၏ ကျန်းမာသန်စွမ်းမှုနှင့် ကိုယ်ခံပညာကို မြှင့်တင်ပေးနိုင်ကြောင်း၊ သင်တန်း ပြီးဆုံးပါက မိမိတို့၏ လုပ်ငန်းတာဝန်များကို ပိုမိုယုံကြည်မှုရှိစွာ ထမ်းဆောင်နိုင်မည်ဖြစ်ပြီး၊ လျင်မြန် ဖျတ်လတ်မှု၊ ဖြတ်ထိုးဉာဏ်ကောင်းမွန်မှု၊ ဆုံးဖြတ်ချက်မှန်ကန်မှုစသည့် အကျိုးကျေးဇူးများ ရရှိ နိုင်မည်” ပြောကြားခဲ့သည်။

 

ဤသင်တန်းကို နေပြည်တော်ဟိုတယ်များမှ ဝန်ထမ်းများအတွက် ပထမဦးစွာ ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင်ပါ ဆက်လက်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ဟိုတယ်လုံခြုံရေးဝန်ထမ်းတွေအနေနဲ့ သိုင်းသင်တန်းဆင်းလက်မှတ်ရပြီးရင်တော့ ဓားနဲ့ဒုတ်တွေကို ကိုင်စရာမလိုဘဲ သိုင်းချပြီး အမိဖမ်းတဲ့ စွမ်းရည်တွေရရှိလာမယ်ထင်တယ်။ ကျွန်တော်ကတော့ ကွီးနေထူးနိုင်(ရုပ်ရှင်သရုပ်ဆောင်) ကိုပဲ ပြေးမြင်မိတယ်” ဟု နေပြည်တော်ရှိ ဘဏ်ဝန်ထမ်း တစ်ဦးက ပြောသည်။

 

စစ်ကော်မရှင်သည် မြန်မာ့ရိုးရာသိုင်းသင်တန်းကို ရက်သတ္တပတ် လေးပတ်ကြာ သင်ကြားပေးမည် ဖြစ်ပြီး သိုင်းပညာရပ် ဆက်လက်ပြန့်ပွားစေရန် ရည်ရွယ်သည်ဟု ဆိုထားသည်။

 

ဓာတ်ပုံ-MOI ၊ အားကာသိပ္ပံ(ရန်ကုန်)