‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၁၆ရက်

‎စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြောင်း သိရသည်။

‎တော်လှန်ရေးပူးပေါင်းတပ်များသည် ယမန်နေ့ စက်တင်ဘာ ၁၅ရက်နေ့နံနက်ပိုင်းမှ စတင်ပြီး ဗန်းမောက်ရှိ စစ်ကော်မ ရှင်၏ ကာကင်း စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

‎”ဗန်းမောက်မြို့ထဲ အခြေအနေတော့ မသိရသေးဘူး။ ပိတ်မိနေသူထောင်ချီရှိပါတယ်။ နဂိုကတည်းက တော်လှန်ရေးတပ်တွေက မြို့ပြင်ဘက်မှာ နေရာယူထားတာရှိပါတယ်။ ရှမ်းနီတပ်က မြို့ထဲနဲ့ တခြားနေရာတွေကို စိုးမိုးထားတာပါ” ဟု ဗန်းမောက်ဒေသခံနှင့် အဆက်အသွယ်ရသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် ၎င်းတို့၏ ‎ကာကင်းစခန်းအချို့သိမ်းဆည်းခံရပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့်နေ့မှစ၍ ဗန်းမောက်- အင်းတော်လမ်းကို ယာယီပိတ်ထားမည်ဟု အင်းတော် (ပကဖ) က ထုတ်ပြန်ထားပြီး ‎စစ်ရေးလုံခြုံရေးအတွက် အင်တာနက် ဝိုင်ဖိုင်အသုံးပြုမှုများကိုပါ ပိတ်သိမ်း ထားရေး ထုတ်ပြန်ထားကြောင်း သိရသည်။

‎ဗန်းမောက်တွင် စစ်ကော်မရှင်နှင့် ရှမ်းနီတပ်မတော် (SNA) တို့အဓိက စိုမိုးနေရာယူထားပြီး ယမန်နေ့တိုက်ပွဲတွင် SNA၏ ကာကင်းစခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့သည်။ ‎တိုက်ပွဲအတွင်း ဒေသခံထောင်ချီပိတ်မိနေပြီး လေကြောင်းရန်ကြောင့် ပုန်းခိုနေထိုင်နေရကြောင်း သိရသည်။