
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ရက်အနည်းငယ် တိုက်ပွဲငြိမ်သက်နေရာမှ တိုက်ပွဲ ပြန်လည်ပြင်းထန်လာပြီး နှစ်ဖက်ပစ်ခတ်မှုရှိကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၅ရက်နေ့တွင် အမှတ် (၃၂) ရဲတပ်ရင်းနှင့် ဓညဝတီရေတပ်ဌာနချုပ်ဘက်မှ အာရက္ခတပ်တော် (AA) တပ်များရှိရာ မင်းတက်တောင်ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”ကျောက်ဖြူ ဆေးရုံရော၊ တပ်တွင်းဆေးရုံတွေမှာပါ လူနာတွေပြည့်နေလို့ ဒဏ်ရာရသူတွေကို စစ်တွေကိုပို့တယ်ပြောတယ်။ သေဆုံးအလောင်းတွေကိုပါ နေဗီနဲ့ သယ်သွားတယ်လို့ သိထားပါတယ်” ဟု ကျောက်ဖြူ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်က စစ်သုံးရေယာဉ်တစ်စင်းဖြင့် သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူ စစ်ကော်မရှင်တပ်ဖွဲ့ဝင်၂၀၀ နီးပါးကို စစ်တွေမြို့ဘက်သို့ သယ်ယူသွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ဒဏ်ရာရရှိသူ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကိုလည်း မောင်နီပြင်ရှိ ကုတင် ၁၀၀ ဆေးရုံသို့ပို့ဆောင်ခဲ့သည်ဟု သိရသည်။
စစ်ကော်မရှင်က ကျောက်ဖြူတိုက်ပွဲငြိမ်သက်နေသည့် ရက်ပိုင်းအတွင်း အမှတ်(၃၂) ရဲတပ်ရင်းကို အင်အားဖြည့်တင်းပြီး ဘန်ကာဆောက်လုပ်ခြင်းနှင့် ကတုတ်ကျင်းများ အလျင်အမြန်တူးဖော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓညဝတီရေတပ်ဌာနချုပ်အတွင်းကိုလည်း ပြီးခဲ့သည့် စက်တင်ဘာ ၁၁ရက်နေ့က စစ်သင်္ဘော သုံးစင်းဖြင့် အင်အားဖြည့်တင်းမှုများပြုလုပ်ခဲ့ပြီး ကပ်သပြေကာကင်းစခန်းများကိုပါ အင်အားခွဲဝေ ပို့ထားကြောင်း သိရသည်။
ကြတ္တိန်၊ စိုင်ခြုံ၊ ရှောက်ချောင်း၊ ကြက်တောပြင်၊ စည်မော်၊ ဦးကင်းစသည့် AA စိုးမိုးထားသည့် နေရာများကိုပါ ပြန်လည်ထိုးစစ်ဆင်ရန် အင်အားဖွဲ့ထားပြီးဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပုံစာ-စစ်ကော်မရှင်၏ နေဗီသင်္ဘောများကို တွေ့ရစဉ်(ပုံဟောင်း)