ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်

ထိုင်းနိုင်ငံတွင် အမျိုးသမီး ဝန်ထမ်းအလုပ်သမားများကို ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားစဉ်ကာလ အတွက် မီးဖွားခွင့်ရက်ကို ရက်ပေါင်း ၁၂၀ အထိ တိုးမြှင့်ပေးရန် ထိုင်းလွှတ်တော်က အတည်ပြု ပေးခဲ့ကြောင်းသိရသည်။

အတည်ပြုလိုက်သည့် ဥပဒေအသစ်အရ အမျိုးသမီးများ၏ မီးဖွားခွင့်ရက်ကို ရက် ၉၀ မှ ရက်ပေါင်း ၁၂၀ အထိ တိုးမြှင့်ခဲ့ခြင်းဖြစ်ကာ မွေးဖွားလာသည့်ကလေးတွင် မွေးရာပါမသန်စွမ်းဖြစ်ခြင်းနှင့် ကျနိးမာရေးပြသနာများရှိလာပါကလည်း ထပ်မံ၍ ခွင့်ရက် ၁၅ ရက်ရရှိမည်ဖြစ်ကြောင်း သိရသည်။

မီးဖွားခွင့်ကို ရက်ပေါင်း ၁၂၀ အထိတိုးမြှင့်ပေးခြင်းဖြစ်သော်လည်း လစာနှင့်အကျိုးခံစားခွင်းများကို မည်သို့ဆက်လက်ပေးဆောင်မည်ကိုမူ သိရခြင်းမရှိသေးပဲ မီးဖွားပြီးသည့်အမျိုးသမီးနှင့် ကလေးကို စောင့်ရှောက်ရန်အတွက် ဖခင်ဖြစ်သူကိုလည်း လစာပြည့်ခွင့် ၁၅ ရက်ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

” အလုပ်ရှင်တွေကလည်း ဖိဖိစီးစီးနဲ့ ဆောင်ရွက်ဖို့အတွက်ကို တွန်းအားပေးလုပ်ဆောင်မယ်ဆိုရင် အမျိုးသမီးတွေအတွက်ပိုပြီးတော့ကောင်းတယ်လို့ မြင်တယ်။ ပုံမှန် ရက်ပေါင်း ၉၀၊ ၉၈ ရက်က မီးဖွား ပြီးတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ကျန်းမာရေးကောင်းမွန်မယ်၊ မကောင်းမွန်မယ်ဆိုတာ တပ်အပ် ပြောလို့မရဘူး။ မွေးဖွားမှုပုံစံအမျိုးမျိုးအပေါ်မှာ ကျန်းမာရေး ကိုယ်ခံအား ရောဂါအခံရှိမှုမရှိမှုအပေါ်မှာ ကြည့်ရသေးတယ်ပေါ့နော်။ ဒီလိုမျိုးခွင့်ရင်တိုးပြီး သတ်မှတ်လိုက်တယ်ဆိုရင် ဒီမီးဖွားထားတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ပိုပြီးတော့ကောင်းမွန်မယ်” ဟု ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ Legal Aid Unit Chief မသူဇာကြိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားဥပဒေအရ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို လစာခံစားခွင့်ရှိသည့် မီးဖွားခွင့်ရက် ရက် ၉၀ နှင့် အခြားကိစ္စရပ်များအတွက် ၈ ရက် အပါအဝင် စုစုပေါင်း ၉၈ ရက် ခွင့်ရက်ပေးထားပြီး မီးဖွားခွင့်ရက်မှ ၄၅ ရက်စာလ စာကို အလုပ်ရှင်မှ ပေးဆောင်ပြီး ကျန် ၄၅ ရက်စာ လုပ်အားခကို လူမှုဖူလုံရေးဘက်မှ ပေးဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်မူ စက်ရုံ၊ အလုပ်ရုံအများစုရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးများမှာ ကိုယ်ဝန်ဆောင်ချိန်ကာလဖြစ်ပါက အလုပ်မှအနားပေးခံရခြင်း၊ ကလေးမွေးဖွားပြီး အလုပ်ပြန်ဝင် ချိန်တွင် အလုပ်နေရာနှင့်လုပ်အားခ အပြောင်းအလဲများဖြစ်ခြင်း၊ လစာမဲ့ခွင့်ရက်များသာရရှိခြင်းများ ကြုံတွေ့နေရကြောင်းလည်း အလုပ်သမားအရေးဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

“မီးဖွားခွင့်နဲ့ပတ်သတ်တဲ့ ကိစ္စရပ်တွေကတော့ စက်ရုံလုပ်ငန်းခွင်တွေ တော်တော်များများမှာ အလုပ် သမားအမျိုးသမီးတွေက ပြန်လည်တောင်းဆိုလာတဲ့ အနေအထားကြောင့် သူတို့ပေးလာတာ မြင်ရ တယ်။ နောက်တစ်ချက်က လွန်ခဲ့တဲ့လပိုင်းကမှထုတ်ပြန်ခဲ့တဲ့ အမျိုးသမီးတွေ ဓမ္မတာလာတဲ့ အခါမှာ ကျန်းမာရေးအရနားရက်ခွင့်ပေးဖို့ဆိုတဲ့ကိစ္စက ဥပဒေအရပြဋ္ဌာန်းခဲ့တယ်။ ဒါပေမဲ့ စက်ရုံလုပ်ငန်းခွင် တွေမှာ အခုချိန်ထိထိထိရောက်ရောက်နဲ့ ချမှတ်ပြီးတဲ့ခွင့်ရက်ဆိုတာ မရှိသေးဘူး။ ကိုယ့်အလုပ်သမား တွေကလည်း ကိုယ်တောင်းဆိုရမယ်ဆိုတာကို မမြင်သေးတာလား သို့မဟုတ် မတောင်းဆိုရဲတာလား တော့မသိဘူး။ အခုချိန်ထိတော့ တောင်းဆိုတာမတွေ့သေးဘူး”ဟု မသူဇာကြိုင်က ဆက်လက် ပြောပြသည်။

ထိုင်းလွှတ်‌တော်မှ အဆိုပါ မီးဖွားခွင့်ရက်ပေါင်း ၁၂၀ ပေးမည့် ဥပဒေမူကြမ်းကို အတည်ပြုရန် တော်ဝင်အမိန့်ကိုချမှတ်နိုင်ရေးအတွက် ဝန်ကြီးချုပ်ထံပေးပို့ခဲ့ပြီး တော်ဝင်ပြန်တမ်းထုတ်ပြန်ပြီးသည့် အခါတွင် ဥ‌ပဒေအသစ်သည် ရက်ပေါင်း ၃၀ အတွင်း အသက်ဝင်လာမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်