ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်

 

ပဲခူးတိုင်း၊ အနောက်ခြမ်း၊ ပန်း‌တောင်းတပ်နယ်အတွင်းရှိ တပ်ဖွဲ့များထံ စစ်ကော်မရှင်က တပ်အင်အား ဖြည့်တင်းခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် ရန်ကုန်တိုင်း၊ လှည်းကူးနှင့် မှော်ဘီနယ်မြေခံတပ်ရင်းများထံမှ အင်အားများ ထုတ်နုတ်ပြီး ညောင်ခြေ ထောက်ဝန်းကျင်ကို ထပ်မံအင်အားဖြည့်တင်းလာခြင်းဖြစ်သည်။

 

အမှတ် (၆)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) ရှိ အဝင်လမ်းတွင်ရှိသည့် Slow Down များကိုပါ ဖယ်ရှားပြီး ကျည်ကာအင်္ကျီဟု ယူဆရသည့် စစ်သုံးပစ္စည်းများကိုပါ ကားများဖြင့် ကပစ-၆ အတွင်း ပို့ဆောင်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“အခုပို့မယ့် အထူးဆောက်လုပ်ရေးတပ်ရင်းတွေက ထဆရ-၄ ဖြစ်ဖို့များပါတယ်။ လက်မောင်းဘက် တံဆိပ်က BE, GE တပ်တွေနဲ့ တူတူပဲ။ ထဆရ တပ်ရင်းလေးရင်းရှိတာမှာ ဖောင်ကြီး၊ ‌တိုက်ကြီး လမ်းဘေးက ထစရ ၄ ကို ထုတ်သုံးမှာဖြစ်တယ်လို့ သိရပါတယ်”ဟု CDM စစ်သား ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်က တိုက်ပွဲအတွင်း စစ်မြေပြင်အင်ဂျင်နီ ယာတပ်ရင်း (စအရ)အပြင် ဆောက်လုပ်ရေး အင်ဂျင်နီ ယာတပ်ရင်း GE (ဆအရ)နှင့် အထူးဆောက်လုပ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ (ထဆရ) အထူးဆောက်လုပ်ရေးတပ်ရင်းများကိုပါ တိုက်ပွဲဧရိယာအတွင်းသို့ ခေါ်သွင်းလာကြောင်း သိရသည်။

 

တိုက်ပွဲမှာ ကပစ ၆ နှင့် နီးကပ်လာသည့်အတွက် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်များကို စစ်ဆင် ရေးတစ်ရပ်အနေဖြင့် တပ်ကုန်ထုတ်သုံးလာပြီး ခြံစည်းရိုးကာရံရန်အတွက်ပါ စေခိုင်းသွားမည် ဖြစ်ကြောင်း သိရသည်။

 

အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့ ကပစ-၆ အနီးအထိ ရောက်ရှိလာပြီး စက်ရုံအတွင်းရှိ ဘန်ကာများကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ထားခဲ့ကြောင်း သိရသည်။

 

ညောင်ကျိုးကို AA နှင့် ပူးပေါင်းအဖွဲ့တို့ သိမ်းပိုက်ပြီးနောက် ညောင်ခြေထောက်ပတ်ဝန်းကျင်ကိုပါ ထိုးစစ်ဆင်လာပြီး စစ်ကော်မရှင်ကလည်း တန်ပြန်ထိုးစစ်ဆင်ခြင်းများ ပြုလုပ်နေသည့်အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

 

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)