
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်
စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန် ရည်ရွယ်ပုံဖော်နေသော ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် စစ်အုပ်ချုပ်ရေး ကြေညာ၍ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် မြို့နယ်များကို စစ်မနိုင်တော့သဖြင့် ယင်းဒေသများ၌ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း စစ်ကော်မရှင်က ဝန်ခံထုတ်ပြန်လာသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲကော်မရှင်-UEC မှတစ်ဆင့် နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၅၆ မြို့နယ်၊ လွှတ်တော်သုံးရပ်၏ မဲဆန္ဒနယ် ၁၂၁ နယ်တို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဟု ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်လာပြီး ထိုမြို့နယ်အများစုသည် စစ်အုပ်ချုပ်ရေး ကြေညာထားမှုတွင် ပါဝင်နေကြောင်း သိရသည်။
“အဓိကကတော့ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေကို အခြေခံပြီးတော့ ဒီ ၅၆ မြို့နယ်က သူတို့တွေ လုံးဝစစ်တိုက်လို့ မနိုင်တော့ဘူး၊ သူတို့ ရွေးကောက်ပွဲပြီးမှ ဆက်တိုက်မယ်ဆိုတဲ့ သဘောမျိုးလို့ ယူဆရတယ်” ဟု စစ်ရေးလေ့လာစောင့်ကြည့်သူ CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ရွေးကောက်ပွဲ မကျင်းပနိုင်တော့သည့် မြို့နယ်များမှာ ကချင် လေးမြို့နယ် ၊ ကရင်နီ သုံးမြို့နယ် ၊ ချင်း လေးမြို့နယ် ၊ စစ်ကိုင်း ၁၀မြို့နယ် ၊ မကွေး ငါးမြို့နယ်၊ မန္တလေး သုံးမြို့နယ် ၊ ရခိုင် ၁၀မြို့နယ် နှင့် ရှမ်း ၁၇ မြို့နယ်တို့ဖြစ်ပြီး တော်လှန်ရေး အင်အားစုများ သိမ်းပိုက်ထားသဖြင့် စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ်များလည်းဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ခုခံတော်လှန်မှုများကြောင့် ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်က တိုင်းနှင့်ပြည်နယ် ကိုး ခုရှိ မြို့နယ် ၆၃ မြို့နယ်ကိုစစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ ကချင်တွင် ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်နှင့် ချီဖွေမြို့တို့ဖြစ်ပြီး ရွှေကူမှလွဲ၍ ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ထုတ်ပြန်ဆိုထားသည်။
ကရင်နီ (ကယားပြည်)တွင် ရှားတော၊ ဖားဆောင်း၊ မယ်စဲ့နှင့် ချင်းတွင် ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ဖလမ်းမြို့နယ်တို့ဖြစ်ပြီး ကရင်နီ သုံးမြို့နယ်နှင့် ပလက်ဝ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်မြို့တို့၌လည်း စစ်ကော်မရှင်က ရွေးကောက်ပွဲ မကျင်းပတော့ကြောင်း သိရသည်။
ယင်းကဲ့သို့ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်အများစုကို စစ်ကော်မရှင်က စစ်မနိုင်၍ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဟု ထုတ်ပြန်သော်လည်း ချန်လပ်ထားခဲ့သော မြို့နယ်အချို့နှင့် ကျန်ရှိနယ်မြေများအား စစ်မျက်နှာ ပိုမိုချဲ့သွင်လာနိုင်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ထောက်ပြသည်။
စစ်ကိုင်းတိုင်းတွင်မူ မြို့နယ် ၉ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာ၍ ထိုအနက်မှ ကောလင်း၊ ကနီနေရာတွင် မြောင်၊ ယင်းမာပင်၊ တန့်ဆည်တို့အား အစားထိုးကာ ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူး၊ ပုလဲ၊ ဒီပဲယင်း၊ ခင်ဦးနှင့် ဝက်လက်အပါအဝင် ၁၀ မြိုနယ်၌ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း သိရသည်။
ထို့အပြင် မကွေးတိုင်းရှိ ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြိုနှင့် မန္တလေးတိုင်းရှိ မိုးကုတ်၊ စဉ့်ကူးမြို့နယ်၊ ငါန်းဇွန်မြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသလို ငါန်းဇွန်နေရာတွင် နွားထိုးကြီးအစားထိုး၍ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များအဖြစ် စစ်ကော်မရှင်က ထုတ်ပြန်ဖော်ပြထားသည်။
အလားတူ ရခိုင်ပြည်နယ်ရှိ စစ်အုပ်ချုပ်ရေး ကြေညာထားသော ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်တို့အနက် ဂွ၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်တို့ကို ချန်လပ်၍ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဟု ဆိုသည်။
ယင်းအပြင် ရှမ်းပြည်နယ်တွင် နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲမြို့၊ သီပေါနှင့် မိုင်းလားမြို့နယ်တို့ကို စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေး ကြေညာထားပြီး ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များအဖြစ် ထုတ်ပြန်ထားသည်။
အဆိုပါမြို့နယ်များအနက် ကျောက်မဲ၊ သီပေါကို ချန်လပ်၍ ပန်ဆန်း(ပန်ခမ်း)၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်တို့ကို အစားထိုးထည့်သွင်းကာ နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်နှင့် မိုင်းလားမြို့နယ်အပါဝင် ၁၇ မြို့နယ်၌ ရွေးကောက်ပွဲ မကျင်းပဟု သိရသည်။
သို့သော် ကရင်ပြည်နယ်ရှိ စစ်အုပ်ချုပ်ရေး ကြေညာထားသော ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ကိုမူ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဟု ဖော်ပြထားခြင်းမရှိသလို လာမည့်ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်၌ ရွေးကောက်ပွဲ အပိုင်း(၁) ပြုလုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-MOI(ပုံဟောင်း)