
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်
ရန်ကုန်တိုင်း၊ ဒလမြို့ရှိ စွမ်းထက်အထူးကုဆေးခန်းတွင် ခွဲစိတ်မွေးဖွားခဲ့သည့် တရားလွှတ်တော် ရှေ့နေတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါဆေးခန်းကို ပိတ်သိမ်းထားကြောင်း သိရသည်။
သေဆုံးသူ တရားလွှတ်တော်ရှေ့နေ မအိအိအေး အသက် (၃၃) နှစ်သည် စက်တင်ဘာလ ၄ ရက်နေ့က စွမ်းထက်အထူးကုဆေးခန်းတွင် ခွဲစိတ်ပြီး ကလေးမွေးဖွားခဲ့သည်။ ထိုသို့ ကလေးမွေးဖွားပြီးနောက် ဆေးကုသမှုခံယူနေစဉ် ကျန်းမာရေးအခြေအနေ ဆိုးရွားလာသဖြင့် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) သို့ လွှဲပြောင်းခဲ့ရပြီး စက်တင်ဘာလ ၅ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။
စွမ်းထက်အထူးကုဆေးခန်းသည် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရှိဘဲ လူနာကိုဂရုစိုက်မှု မရှိသည့်အပြင် ပေါ့ဆမှုများရှိခဲ့ကြောင်း ကွယ်လွန်သူ၏ မိသားစုဝင်များထံမှ သိရသည်။
လူနာအခြေအနေ ဆိုးရွားလာသောအခါ ဒလမြို့ရှိ ဆေးခန်းတွင်မနိုင်နင်း၍ ရန်ကုန်ရှိ ဗဟိုအမျိုးသမီး ဆေးရုံကြီးသို့ လွှဲပြောင်းခဲ့ပြီး ဆေးရုံတွင် ခွဲစိတ်ခန်းဝင်ခဲ့ရကာ သားအိမ်ခွဲထုတ် ခဲ့ရကြောင်း၊ ထို့နောက် အသက်ဆုံးရှုံးခဲ့ရကြောင်း သေဆုံးသူ၏ အစ်မဖြစ်သူ ဒေါ်သူဇာအေး က ပြည်တွင်းမီဒီယာများကို ဖြေကြားထားသည်။
“ကလေးမွေးတဲ့သူသေဆုံးပြီးတော့ဆေးခန်းပိတ်ခံရတယ်လို့ကြားတယ်။ အခုထိတော့ပြန် မဖွင့်သေး ဘူး။ ဆေးခန်းဖုန်းနံပါတ်တွေကို ဆက်ကြည့်တာဆက်လို့မရဘူး။ အကုန်ပိတ်ထားတယ်” ဟု ဒလမြို့တွင်နေထိုင် သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင်မူ စွမ်းထက်အထူးကုဆေးခန်းကို ပိတ်သိမ်းထားပြီး ပြန်လည်ဖွင့်လှစ်မှုမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
မြန်မာနိုင်ငံရှိ ဆေးရုံ၊ဆေးခန်းများသည် လူနာနှင့်လူနာရှင်များကို ဆက်ဆံပြောဆိုရာ၌ အချိန်ပေး၍ သေချာရှင်းပြမှုမရှိခြင်း၊ လေးစားမှု၊ စာနာမှုများ အားနည်းပြီး တာဝန်ယူတာဝန်ခံသော ကျန်းမာရေး စောင့်ရှောက်မှုမရှိကြောင်းသိရသည်။
မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာဥပဒေတွင် ကျန်းမာရေး စောင့်ရှောက်သူ၏ ပေါ့လျော့စွာဆောင်ရွက်မှုကြောင့် နစ်နာမှုများရှိပါက နစ်နာကြေးအတွက် တရားမဥပဒေအရ စွဲဆိုနိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်