ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲမှ စစ်ကော်မရှင် တပ်ရင်းမှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၅၀ ကျော် ထွက်ပြေးသွားကြကြောင်း သိရသည်။

 

ရှမ်းပြည် လင်းခေးအခြေစိုက် ခမရ ၅၇၈ မှ တပ်ရင်း မှူး ဒုတိယဗိုလ်မှူးကြီးနှင့် ဗိုလ်ကြီးတစ်ဦးတို့ ဦး ဆောင်ပြီး တပ်ဖွဲ့ဝင် ၅၀ ကျော် နတ်ရေကန်စခန်းမှ ထွက်ပြေးသွားကြကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ ညပိုင်းက စစ်မှု ထမ်းဥပဒေဖြင့် နတ်ရေကန်စခန်းသို့ ပို့ဆောင်ခံရသည့် တပ်သားသစ် ငါးဦးသည် မင်းဘူးခရိုင်၊ အမှတ်( ၂) တပ်ရင်းသို့ အလင်းဝင်ရောက်လာကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်းက ယနေ့ စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည်။

 

အလင်းဝင်ရောက်လာသည့် စစ်မှုထမ်း ငါး ဦးမှာ အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက် အောက်ခံတပ်ရင်း ခမရ -၅၂၀ မှဖြစ်ပြီး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ရောက်လာခြင်းဖြစ်သည်။

 

“အလင်းဝင်လာတဲ့ ပစ(ပြည်သူ့စစ်မှုထမ်း) စစ်သားငါးဦးကို လုပ်ထုံး လုပ် နည်းနဲ့အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုငွေချီးမြှင့်ခဲ့တယ်။ လက်နက် ချပြီး ပြည်သူနဲ့ပူးပေါင်းလိုတဲ့ စစ်ကောင်စီ(စစ်ကော်မရှင်) တပ်သားတွေကို လက်ခံကြိုဆိုလျက်ရှိပါတယ်။ လူ့အခွင့်အရေးအပြည့်အဝရရှိစေပြီး လက နက်နဲ့ အလင်းဝင်လာသူတွေကို ဆုငွေတွေချီးမြှင့်ပေးသွားမယ်”ဟု အမှတ် (၂) တပ်ရင်းက ထုတ်ပြန်ထားသည်။

 

နတ်ရေကန်တိုက်ပွဲတွင် တပ်ရင်းမှူးနှင့် ဗိုလ်တစ်ဦးတို့ ဦးဆောင်ပြီး တပ်ဖွဲ့လိုက်ထွက်ပြေးသွားသည်ကို အလင်းဝင်လာသူများမှ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

စစ်ကော်မရှင်က နတ်ရေကန်စခန်းကို တပ်ရင်းအနည်းဆုံး ၁၀ ရင်းကျော်ကို အားဖြည့်ထားကာ တပ်ဖွဲ့ဝင်အင်အား ထောင်ချီဖြင့် တိုက်ခိုက်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့တိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀၀ ကျော် သေဆုံးသွာားကြောင်း အလင်းဝင်လာသည့် စစ်ကော်မရှင်တပ်သား ဉာဏ်မြင့်မြတ်က ထုတ်ဖော်ပြောဆိုထားသည်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့ကလည်း အာရက္ခတပ်တော် (AA) နှင့် စွန်တပ်ရွာအနီးတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် အလောင်း ၆၀ ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – မင်းဘူးခရိုင်င အမှတ် ၂ တပ်ရင်း