(ချင်းပြည်)၊ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်

 

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ် နှင့် မင်းတပ်မြို့နယ်တွင် ရာသီတုတ်ကွေး ကူးစက်မှု ဖြစ်ပွားပြီး ကလေးငယ်များ ဖျားနာနေကာ သေဆုံးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။

 

ပလက်ဝမြို့နယ်၊ ဒိုင်ရ်ကောင်စီ အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့် သြဂုတ်မှစ၍ ကလေးငယ်များ ဖျားနာနေကြပြီး ယခုစက်တင်ဘာလ ပထမအပတ်တွင် ကလေးငယ် သုံးဦးအပါအဝင် စုစုပေါင်း လေး ဦးသေဆုံးကြောင်း သိရသည်။

 

“ကျေးရွာ ၁၀ ရွာလောက်မှာ သြဂုတ်လ နောက်ဆုံးအပတ်ကစပြီး ဖျားနာနေကြတာပါ။ တစ်အိမ်မှာ ကလေးတစ်ယောက်နှုန်းနဲ့ ဖျားနေကြတယ်။ ဒီလပထမအပတ်မှာ ၁ နှစ်နဲ့အောက် သုံးယောက် ဆုံးသွားတယ်။ ၁၉နှစ်အရွယ်တစ်ယောက် ဆုံးတယ်။ ဖျားနာပြင်းထန်တဲ့လူနာတွေလည်း ရှိတယ်။ ရွာမှာ ဆေးဆရာတွေ၊ ဆေးတွေ မရှိလို့ ပိုဆိုးတယ်”ဟု ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျေးရွာတွင်း ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးဝါးများမရှိသည့်အတွက် ရွာသားများသည် လူနာများကို လက်လှမ်းမီရာဆေးဝါးများဖြင့် ရမ်းကုသနေကြပြီး ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

 

အလားတူ မင်းတပ်မြို့နယ်၊ တိုက်နယ် (၃) နှင့် (၄) ရှိ ကျေးရွာများတွင် ကလေးငယ်အများပြား ဖျားနာနေကြသည့်အတွက် စက်တင်ဘာ ပထမအပတ်မှစ၍ စာသင်ကျောင်းများအားလုံး ယာယီ ပိတ်ထားရကြောင်း သိရသည်။

 

“တစ်ရွာလုံးနီးပါး ကလေးတိုင်း ဖျားနနေကြတော့ ကျောင်းတွေ ယာယီပိတ်လိုက်တာပါ။ ဖျားနာနေတဲ့ ကလေးတွေက မသက်သာကြသေးသလို ဆေးဝါးတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကလည်းမရှိတော့ အခြေအနေပိုဆိုးမှာ စိုးရိမ်လို့ပါ”ဟု မင်းတပ်မြို့နယ်ကျောင်းဆရာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ကလေးငယ်များသည် ရုတ်တရက် အဖျားတက်ခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အောင့်အန်ခြင်း၊ ချောင်းဆိုးစသည့် ရာသီတုတ်ကွေးဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ-ခူမီးလဲန်း
ပုံစာ-ပလက်ဝမြို့နယ်ရှိ ရာသီတုတ်ကွေး ကူးစက်ရောဂါဖြစ်ပွားသည့်ကျေးရွာများကို တွေ့ရစဥ်