ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်

ထိုင်းနိုင်ငံတွင် မြန်မာဒုက္ခသည် ၄၀၀၀၀ ကျော်ကို ထိုင်းအစိုးရက လာမည့် အောက်တိုဘာ ၁ ရက်နေ့တွင် စတင်အလုပ်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများထံမှ သိရသည်။

ဒုက္ခသည်စခန်းမှ လူများသည် အလုပ်လုပ်ခွင့်ရရှိရန်အတွက် ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနများထံ ပထမ ဦးစွာ လျှောက်ထားရမည်ဖြစ်ပြီး အလုပ်လုပ်ခွင့်ပါမစ်မထုတ်ပေးမီ ကျန်းမာရေးစစ်ဆေးချက်များ ရှိထားရန်လည်း လိုအပ်ကြောင်းသိရသည်။

ထိုင်းပြည်ထဲရေးဝန်ကြီးဌာနကလည်း အလုပ်သမား ၄၀၀၀၀ ကျော်၏ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို အလုပ်သမားဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ဒုတိယအမြဲတမ်းအတွင်းဝန် Chamnanwit Terat က ပြောဆိုခဲ့သည်။

“နောက်လ(အောက်တိုဘာ)မှာစပြီးတော့ စာရွက်စာတမ်းတွေလုပ်ပေးမယ်တဲ့။ ပန်းရောက်ကတ်လို တော့ မဟုတ်ဘူး။ သီးသန့်ကတ်လိုမျိုး။ အလကားလုပ်ပေးမယ်လို့လည်း သိရတယ်” ဟု ဒုက္ခသည် စခန်းမှ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလုပ်လုပ်ခွင့်မှာ တစ်နှစ် သက်တမ်းရှိမည်ဖြစ်ပြီး ဒုက္ခသည်များ ငွေကုန်‌ကြေးကျ သက်သာစေရန် စာရွက်စာတမ်း မှတ်ပုံတင်ခအများစုကို လျော့ပေးမည်ဖြစ်ပြီး ကျန်းမာရေးစစ်ဆေးစရိတ်ကိုမူ အလုပ်ရှင်နှင့် ညှိနှိုင်းရန် လိုအပ်ကြောင်းသိရသည်။

အလုပ်လုပ်ခွင့်ပါမစ်လျှောက်ထားသူများကို တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု များကိုလည်း စစ်ဆေးမည်ဖြစ်ကာ လုပ်သားရှားပါးမှုရှိပြီး စက်မှုနှင့် စိုက်ပျိုးရေး အချက်အခြာ ဒေသများဖြစ်သည့် Rayong နှင့် Chanthaburi သို့လည်း အလုပ်သမားများ စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားအလုပ်သမားများနေရာတွင် အစားထိုးကာ လုပ်သားရှားပါးမှုပြသနာကို ဖြေရှင်းရန် ရည်ရွယ်ကာ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနပူရီနှင့် ရတ်ချဘူရီ ခရိုင်များရှိ ဒုက္ခသည်စခန်း ကိုးခု မှ ဒုက္ခသည်များကို အလုပ်လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ကိုးကား – The Nation Thailand