
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များအနေဖြင့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းစဥ်များတွင် ပါဝင်ဆောင်ရွက်ခြင်း ၊ ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခြင်းများ ပြုလုပ်သည်ကို တွေ့ရှိပါက ပါတီစည်းမျဥ်းစည်းကမ်းများအရ ထိရောက်စွာအရေးယူမည်ဟု ယမန်နေ့က ထုတ်ပြန်သည်။
စစ်တပ်၏အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော ပြဿနာအရပ်ရပ်ကြောင့် နိုင်ငံတကာနှင့် ပြည်သူလူထုကို လှည့်စား၍ နိုင်ငံရေးတရားဝင်မှုရရှိရေးရည်ရွယ်ကာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ကြံစည်နေမှုကို လက်မခံ၊ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ကာ ပြည်သူနှင့်နိုင်ငံတကာကို အသိပေးထားပြီးဖြစ်််််သည်ဟုဆိုသည်။
လက်ရှိတွင် NLD ပါတီမှ ချင်းပြည်နယ် ပလက်ဝမြို့နယ် အလုပ် အမှုဆောင်အဖွဲ့ဝင် ပလက်ဝမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုသည် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည်ဟု သိရသောကြောင့် ပါတီမှ ထုတ်ပယ်ထားသည်။
စစ်တပ်က အာဏာသိမ်းပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံအကြီးအကဲများ၊ ပါတီခေါင်းဆောင်များကို ဖမ်းဆီးပြီး မတရားသောဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခဲ့ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရမှုနှင့် စပ်လျဉ်း၍ တရားရုံးတွင် မမှန်မကန် ထွက်ဆိုခြင်း၊ စစ်ကော်မရှင်အလိုကျ ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် ပါတီမှထုတ်ပယ်ခဲ့သည်။ ထို့အပြင် ဗဟိုကော်မတီဝင်များဖြစ်သည့် ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင်တို့ကိုလည်း ထုတ်ပယ်ထားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၁၇၁ ရှိရာ ၁၁၁၇ နယ် ကျင်းပနိုင်ခဲ့ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦးအနက် ပြည်သူ့ လွှတ်တော်၌ ၂၇,၅၁၂,၈၅၅ ဦး၊ အမျိုးသားလွှတ်တော် ၂၇,၄၉၅,၅၅၅ ဦး၊ တိုင်းနှင့်ပြည်နယ် လွှတ်တော်များ၌ ၃၀,၄၅၉,၁၁၃ ဦး လာရောက် မဲပေးခဲ့ကြောင်း၊ တနိုင်ငံလုံး ဆန္ဒမဲပေးမှုအနေဖြင့် ၇၁ ရာခိုင်နှုန်း ကျော်ခဲ့ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်အားလုံး၏ ၈၂ ဒသမ ၃၆ ရာခိုင်နှုန်းအနိုင်ရရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ဦး ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။
အဆိုပါ ရွေးကောက်ပွဲကို နိုင်ငံတကာသံတမန်များ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ အရပ်ဘက်အဖွဲ့အစည်း များကလည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ကြေညာပြီးဖြစ်သည့်အတွက် ယင်းရလဒ်သည်သာ ပြည်သူ့ဆန္ဒနှင့်အညီ တရားဝင် တည်ရှိနေဆဲဟု ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသညါ။
ဓာတ်ပုံ-NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များ