နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်

အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်-UEC က ၎င်းတို့ ပြုလုပ်ရန် ပြင်ဆင်နေသော ရွေးကောက်ပွဲတွင် နိုင်ငံတဝန်း ဝင်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) အပါ အဝင် လေးပါတီကို ဖျက်သိမ်းပြီး‌နောက် မဲဆန္ဒနယ်များ ဖြေလျော့ကာ ရက်တိုးပေးလိုက်ကြောင်း သိရသည်။

အဆိုပါလေးပါတီကို ဖျက်သိမ်းခဲ့သဖြင့် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကျန်ပါတီများနှင့် ထောက်ခံသူများအကြား ဝေဖန်ထောက်ပြ တောင်းဆိုမှုများ မြှင်တက်လာရာ UEC က ယမန်နေ့ စက်တင်ဘာ ၁၄ ရက်တွင် ထိုကဲ့သို့ဖြေလျော့ ရက်တိုးပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်း ယင်းပါတီများထံက သိရသည်။

ထို့အတူ စစ်ကော်မရှင် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ပြိုင်မည့် ၈၈ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကလည်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို UEC ထံ စက်တင်ဘာ ၁၃ ရက်တွင် တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ယင်းနောက် စစ်ကော်မရှင် လက်အောက်ခံ UEC က နိုင်ငံတဝန်း မြို့နယ်ပေါင်း ၅၆ မြို့နယ်၊ လွှတ်တော်သုံးရပ်၏ မဲဆန္ဒနယ် ၁၂၁ နေရာတို့တွင် ရွေးကောက်ပွဲ မပြုလုပ်နိုင်တော့ဟု ဝန်ခံဖြေလျော့‌၍ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းတို့ကို ရက်တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထိုမြို့နယ်များမှာ ကချင် ၄ ၊ ကယား ၃ ၊ ချင်း ၄ ၊ စစ်ကိုင်း ၁၀ ၊ မကွေး ၅ ၊ မန္တလေး ၃ ၊ ရခိုင် ၁၀ နှင့် ရှမ်း ၁၇ မြို့နယ်တို့ဖြစ်ပြီး လက်ရှိတွင် ‌တော် လှန်ရေး အင်အားစုများ သိမ်းပိုက်ထားသဖြင့် စစ်ကော်မရှင်အနေဖြင့် ပြန်လည်ရယူနိုင်ခြင်းမရှိသော နယ်မြေများလည်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် စစ်ကော်မရှင်၏ ရွေးကာက်ပွဲကို နိုင်ငံတကာ၊ တော်လှန်ရေး အင်အားစုနှင့် ပြည်သူများက လက်မခံကန့်ကွက်နေ၍ ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအနေဖြင့် ကိုယ်စားလှယ်လောင်း ရရှိရန် ခက်ခဲနေသောကြောင့် UCE က အမည်စာရင်းများ တင်သွင်း၊ စိစစ်ရုပ်သိမ်းခြင်းတို့ကို စက်တင်ဘာ ၂၂ ရက်အထိ ရက်တိုးမြှင့်ပေးခဲ့သည်။

သို့သော် အဆိုပါဖြေလျော့ ရက်တိုးမြှင့်‌ပေးမှုသည် ကြုံတွေ့နေရသည့် အခြေအနေများကြောင့် ပါတီများအတွက် လုံလောက်မှုမရှိသလို ဦးကိုကိုကြီး၏ တင်ပြတောင်းဆိုမှုတွင်လည်း စက်တင်ဘာ ၂၇ ရက်အထိ ရက်တိုးမြှင့်ပေးရန်နှင့် သွားလာရန် ခက်ခဲသော မြို့နယ်များအတွက် အွန်လိုင်းမှ ဆောင်ရွက်ခွင့်ပြုရန် ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက် ပွဲ အပိုင်း(၁) ပြုလုပ်မည်ဟု ကြေညာ၍ စစ်ရှိန်မြှင့် တိုက်ခိုက်နေသလို ၎င်းတို့အသိအမှတ်ပြု ပါတီများအနက် NDF ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စုလယ်သမားအလုပ်သမား အင်အားစုပါတီတို့ကို ဖျက်သိမ်းထားသည်။

ဓာတ်ပုံ-MOI