
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ စက်တင်ဘာ ၁၄ ရက်)
ကလေးငယ်တွေ လည်ချောင်းနာပြီဆိုရင် အများစုက သာမန်အအေးမိခြင်းပဲလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီလို လည်ချောင်းနာတာဟာ Strep လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ရတာပါ။ လည်ချောင်းနာခြင်းကို စနစ်တကျ မကုသလိုက်တဲ့အခါ နောက်ဆက်တွဲအဖြစ် ပိုးလေးဖက်နာအဖျား (Acute Rheumatic Fever – ARF) ကို ဖြစ်စေနိုင်ပါတယ်။ပိုးလေးဖက်နာအဖျားဆိုတာဘာလဲ
ပိုးလေးဖက်နာအဖျားဆိုတာ Strep ပိုးကြောင့်ဖြစ်တဲ့ လည်ချောင်းနာကို သေချာစွာမကုသလိုက်တဲ့အခါ ကလေးငယ်ရဲ့ ကိုယ်ခံအားစနစ် (Immune System) က ပိုးကို တိုက်ထုတ်ရင်း ခန္ဓာကိုယ်ရဲ့ကျန်းမာတဲ့ အစိတ်အပိုင်းတွေကို မှားယွင်းတိုက်ခိုက်မိလို့ ဖြစ်လာရတဲ့ ရောဂါပါ။ ဒီလိုတိုက်ခိုက်မှုကြောင့် အဆစ်အမြစ်တွေ၊ နှလုံး၊ ဦးနှောက်နဲ့ အရေပြားတွေမှာ ရောင်ရမ်းမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ကလေးငယ်တွေကတော့ မိုးမိတဲ့အခါ Strep ပိုးခန္ဓာကိုယ်ထဲဝင်ရောက်ပြီး လည်ချောင်းနာတဲ့ပြဿနာနဲ့ အဆစ်အမြစ်ကိုက်ခဲခြင်းကို ကြောက်ရွံတတ်ကြပါတယ်။ ဆရာဝန်တွေကတော့ နှလုံးအဆို့ရှင် ပျက်စီးပြီး နာတာရှည် နှလုံးရောဂါ (Rheumatic Valvular Heart Disease) ဖြစ်မှာကို ပိုမို စိုးရိမ်ကြပါတယ်။ လူနာအသက်အန္တရာယ်နီးစပ်တာကြောင့် ရောဂါရှိကြောင်းမလွတ်သွားစေဘဲ အချိန်မီကုသမှုရစေဖို့က အလွန် အရေးကြီးပါတယ်။ရောဂါလက္ခဏာများ
ကလေးငယ် Strep လည်ချောင်းနာပိုးကူစက်ခံရပြီး လည်ချောင်းနာကျင်ခြင်းသက်သာသွားတဲ့နောက် ၂ ပတ်မှ ၄ ပတ်အကြာမှာ ပိုးလေးဘက်နာရောဂါလက္ခဏာတွေ စတင်ပေါ်ပေါက်တတ်ပါတယ်။အဆစ်အမြစ်များ ရောင်ရမ်းနာကျင်ခြင်း
အတွေ့ရအများဆုံး အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းလက္ခဏာပါ။ ဒူး၊ တံတောင်ဆစ်၊ ခြေကျင်းဝတ်နဲ့ ပခုံးစတဲ့ အဆစ်ကြီးတွေမှာ နာကျင်ရောင်ရမ်းတတ်ပါတယ်။ တစ်နေရာက နာတာပျောက်သွားပြီး နောက်တစ်နေရာကို ရွေ့သွားတတ်တာကိုက ရောဂါရဲ့ ထူးခြားချက်ဖြစ်ပါတယ်။နှလုံးသားရောင်ရမ်းခြင်း(Carditis)
စိုးရိမ်စရာအကောင်းဆုံး ရောဂါလက္ခဏာ အနေနဲ့ နှလုံးသား ကြွက်သားရောင်းရင်းခြင်းကို ခံစားရနိုင်ပါတယ်။ နှလုံးခုန်မြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝဖြစ်ခြင်း တို့တွေက အရင်ဆုံး ခံစားရနိုင်တဲ့လက္ခဏာတွေပါ။ သေသေချာချာမကုရင် နှလုံးပျက်စီးသွားမှာပါ။အရေပြားပေါ်ကအနီကွက်များနှင့်အဖုများထွက်ခြင်း(Erythema Marginatum,Nodules)
တံတောင်ဆစ်၊ လက်ကောက်ဝတ်တွေမှာ နာကျင်မှုမရှိတဲ့ အလုံးလေးတွေ အဖုလေးတွေ ပေါ်လာ တတ်ပါတယ်။ ကိုယ်ခန္ဓာမှာ ပန်းရောင်သန်းတဲ့ အနီရောင်သန်းတဲ့ အကွက်တွေလည်း ဖြစ်တတ်ပါတယ်။ကကြောဆွဲခြင်း (Sydenham’s Chorea)
ကလေးငယ်မှာ မျက်နှာ၊ လက်၊ ခြေထောက်တို့မှာ မထိန်းချုပ်နိုင်ဘဲ လှုပ်ရမ်းနေတာမျိုး ဖြစ်တတ်ပါတယ်။ ကကြောဆွဲတယ်ဆိုတာက အခြားလက္ခဏာတွေထက် နောက်ကျပြီးမှ ပေါ်လာလေ့ရှိပါတယ်။Jones Criteria နဲ့ ရောဂါရှာဖွေခြင်း
ဆရာဝန်တွေဟာ ပိုးလေးဘက်နာရောဂါရှာဖွေရာမှာ Jones Criteria လို့ခေါ်တဲ့ ရောဂါအဆင့် သတ်မှတ်ချက်တွေကို အသုံးပြုရပါတယ်။ ဒီစနစ်မှာ အဓိကအချက် (Major Criteria ) ငါးချက်နဲ့ (Minor Criteria) လေးခု ပါဝင်ပါတယ်။
အဓိကအချက်ငါးချက်ကတော့ အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်း၊ နှလုံးသားရောင်ခြင်း၊ အဖုအပိမ့် ထွက်ခြင်း ၊ အနီကွက်တွေထွက်လာခြင်း ၊ ကကြောဆွဲခြင်း တို့ပဲ ဖြစ်ပါတယ်။
အရန်အချက် လေး ခုဆိုတာကတော့ အဖျား၃၈.၅ တက်ခြင်း၊ အဆစ်အမြစ်များစွာနာကျင်ခြင်း၊ သွေးစစ်ချက်အဖြေ (ESR, CRP) မြင့်နေခြင်း ၊ နှလုံးအီးစီဂျီတွင် ပုံမှန်မဟုတ်သော လှိုင်းရှည် တွေ့ခြင်း (prolonged PR interval- ECG)တွေပဲ ဖြစ်ပါတယ်။
ရောဂါရှာဖွေရာမှာ အဓိက နှစ် ချက် ရှိနေလျှင် ပိုးလေးဘက်နာအဖျား ရှိပြီ သတ်မှတ်လို့ရပါပြီ။ အဓိက တစ်ချက်နဲ့ အရန် နှစ်ချက် ရှိပြီဆိုရင်လည်း ဖြစ်နိုင်ခြေများတယ်လို့ သတ်မှတ်နိုင်ပါတယ်။ASO (Antistreptolysin O)
ASO နဲ့ ပိုးလေးဘက်နာ အဖျား ရောဂါတို့ ဆက်စပ်နေတယ် လို့ယူဆတတ်ကြပါတယ်။ ASO ဆိုတာ streptococcus ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ လည်ချောင်းနာခြင်း (strep throat) သို့မဟုတ် အခြားပိုးဝင်ခြင်းမျိုး ဖြစ်ဖူးတယ်ဆိုတာကို ပြသတဲ့ သွေးစစ်ချက်တစ်မျိုး ဖြစ်ပါတယ်။ Acute Rheumatic Fever ပိုးလေးဘက်နာအဖျားရောဂါ ကို ရှာဖွေရာမှာ ပိုးနဲ့ ဆက်စပ်မှုရှိမရှိ စစ်ဆေးနိုင်ဖို့အတွက်သာ ASO သွေးစစ်တာကို အသုံးပြုလေ့ရှိပါတယ်။ကာကွယ်ခြင်းနှင့်ကုသခြင်း
အကောင်းဆုံး ကာကွယ်မှုကတော့ ပိုးဝင်ပြီး(Strep) လည်ချောင်းနာကို အချိန်မီကုသဖို့ပါပဲ။သင့်ကလေး လည်ချောင်းနာပြီး ဖျားနာနေပြီဆိုရင် ဆရာဝန်နဲ့ပြသပြီး လည်ချောင်းပိုးကို စစ်ဆေးသင့်ပါတယ်။ ပိုးရှိနေတယ်ဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ ပိုးသတ်ဆေး (ပဋိဇီဝဆေး – Antibiotics) တွေကို ဆေးပတ်လည်အောင် သေသေချာချာ သောက်သုံးဖို့ အလွန်အရေး ကြီးပါတယ်။ ဆေးပတ်မလည်ရင် ပိုးလေးဘက်နာ ဖြစ်နိုင်ခြေပိုများပါတယ်။
ပိုးလေးဘက်နာ အဖျားရောဂါ ဖြစ်လာခဲ့ရင်တော့ ဆေးရုံတင် ကုသမှုလိုအပ်ပါတယ်။ လေးဖက်နာအဖျားဖြစ်ဖူးတဲ့ ကလေးတွေဟာ နောက်ပြန်ပြန်ဖြစ်နိုင်တာကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ကာကွယ်ဆေးတွေ ပိုးသတ်ဆေးတွေနှင့် စနစ်တကျ ကုသဖို့၊ စဉ်ဆက်မပြတ် စစ်ဆေးမှုတွေ လုပ်ဖို့ကလည်း သိပ်အရေးကြီးပါတယ်။
သင့်ကလေးရဲ့ ကျန်းမာရေးအတွက် လည်ချောင်းနာတိုင်း သတိထားပြီး အချိန်မီ ဆေးကုသမှုခံယူမှသာ နှလုံးအစို့ရှင် ပျက်စီးထိခိုက်သည်အထိ မဆိုးဝါးအောင် တားဆီးနိုင်မှာဖြစ်ပါနယ်။ သင့်ကလေးရဲ့ နှလုံးသားကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။သင်ကိုယ်တိုင်လည်း အဆစ်ရောင်နာကျင်မှု ခံစားရပြီဆိုရင် ကိုယ့်ဖာသာကိုယ် ရောဂါရှာဖွေဆုံးဖြတ်ခြင်းထက် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး မှန်ကန်တဲ့ ရောဂါရှာဖွေစစ်ဆေးမှုတွေနဲ့ ကုသမှုခံယူတာကသာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ဧရာ၀တီတိုင်းမ် ပရိသတ်များလည်း ပိုးလေးဘက်နာအကြောင်း နားလည်သဘောက်ပေါက်ပြီး ကျန်းမာတဲ့ဘဝတွေ ရရှိကြပါစေ။ နောက်တစ်ပတ်မှာတော့ တီဘီရောဂါ နှင့်ယှဉ်တွဲနေထိုင်ရခြင်း ဒုက္ခများ ဆောင်းပါးကို တင်ဆက်ပေးသွားမို့ စောင့်မျှော်ဖတ်ရှုကြပါဦးခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ပိုးလေးဖက်နာအဖျားရောဂါ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times