
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်
အာဏာသိမ်း စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးမည့်သူများကို အန္တရာယ် ကင်းအောင် ကူညီပေးသွားမည်ဟု ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ရေးချုပ် ဗိုလ်မှူးချုပ် စောစိန်ဝင်းက ပြောကြားခဲ့ပြီး မဲမပေးသူများ၏ လွတ်လပ်ခွင့်ကိုလည်း ကူညီစောင့်ရှောက် မည်ဟု ဆိုသည်။
DKBA သည် အပစ်ရပ် NCA ထိုးထားသော အဖွဲ့ဖြစ်သလို စစ်ကော်မရှင် ရွေးကောက်ပွဲသည် နိုင်ငံ၏ အနာဂတ်အတွက် ပြုပြင်ပြောင်းလဲရေးဖြစ်သဖြင့် ပြည်သူနှင့်အတူ အတတ်နိုင်ဆုံး ဝန်းရံကူညီ သွားမည်ဟုလည်း စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်ထားသည်။
“ပြည်သူတွေ မဲသွားပေးမယ်ဆိုရင် သူတို့အတွက် အန္တရာယ်ကင်းအောင် ကျွန်တော်တို့ တတ်နိုင်တဲ့ ဘက်က ကူညီပေးမယ်။ မပေးချင်ဘူးဆိုလည်း သူတို့ရဲ့ လွတ်လပ်ပိုင်ခွင့်ရှိသလို ပေးမယ်ဆိုလည်း ကျွန်တော်တို့ ကူညီသွားမယ်ဆိုတဲ့ သဘောပါပဲ” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပျက်နေသည့် ပဋိပက္ခများကို စစ်ရေးနည်းဖြင့် အဖြေရှာခြင်းထက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့်သာ အဖြေမှန်အား ရှာဖွေနိုင်မည်ဟု DKBA က ယုံကြည်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
လက်ရှိတွင် KNU က သိမ်းပိုက်ထားသည့် နယ်မြေများတွင် စစ်ကော်မရှင်ထိန်းချုပ်နယ်မြေမျာားအပြင် DKBA ထိန်းချုပ်နယ်မြေများ ပါဝင်နေသော်လည်း KNU အနေဖြင့် အတည်တကျ စခန်းမထိုင်နိုင်ကြောင်း စစ်ရေးချုပ် ဗိုလ်မှူးချုပ် စောစိန်ဝင်းက ဆိုသည်။
“KNU က သိမ်းတယ်ပြောပေမယ့် တကယ်တမ်းကျ သူတို့သိမ်းပြီး အတည်တကျ စခန်းမထိုင်နိုင်ဘူး။ သူတို့သိမ်းပြီး တပ်ဘက်က စခန်းဆုတ်သွားရင် သူတို့လည်း ပြန်သွားတယ်။ ကျွန်တော်တို့ပဲ ရှိနေတယ်” ဟု ၎င်းက တုံ့ပြန်ပြောဆိုသည်။
မဲစာရင်း အကြောင်းပြ အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန် ရည်ရွယ်ပုံဖော်နေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲအား ကရင်လက်နက်ကိုင်အဖွဲ့များအကြား သဘောထား ကွဲလွဲနေသော်လည်း ယခုဆုံးဖြတ်ချက်သည် DKBA ၏ ရပ်တည်ချက်၊ သဘောဆန္ဒဖြစ်ကြောင်း သိရသည်။
“တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်ရှိကြတော့ ကိုယ့်သဘောဆန္ဒအရပါပဲ။ အဲံဒီအပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အမြင်မကြည်တာတွေ၊ အပြန်အလှန်ပုတ်ခတ်ပြောဆိုတဲ့ အခင်းအကျင်း တော့ မရှိကြပါဘူး” ဟု DKBA စစ်ရေးချုပ် ဗိုလ်မှူးချုပ် စောစိန်ဝင်းက ပြောသည်။
ယင်းမတိုင် စစ်ကော်မရှင်သည် ကရင်ပြည်နယ်ရှိ ဒေသအများစုကို ဗုံးကြဲတိုက်ခိုက်ရာ DKBA ဌာနချုပ် ဆုံဆည်းမြိုင်ကျေးရွာ၊ ကျောက်ခက်ဒေသမှ ဆေးရုံဟောင်းနှင့် စစ်ရေးချုပ် ဗိုလ်မှူးချုပ်စောစိန်ဝင်း နေအိမ်တို့လည်း ပါဝင်ထိခိုက်ခဲ့ကြောင်း သိရသည်။
“စစ်တိုက်ပွဲဖြစ်နေတဲ့ အနီးအနားဧရိယာမှာတော့ ထိမိခိုက်မိတတ်တာ ထုံးစံပါပဲ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး (စစ်ကော်မရှင်နဲ့) တွေ့ဆုံစကားပြောတာ မရှိပါဘူး။ စစ်ရေးအခြေအနေက သက်သက် ပေါ့” ဟု ဗိုလ်မှူးချုပ် စောစိန်ဝင်းက ဆက်လက်ပြောသည်။
ထို့အတူ ကရင်နယ်ခြားစောင့်တပ် (BGF)ကလည်း ယင်းရွေးကောက်ပွဲကို ထောက်ခံကူညီမည်ဟု ထုတ်ပြန်၍ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)ကမူ ပြည်သူ့ဆန္ဒအတိုင်း ဒေသအခြေအနေများနှင့်အညီ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
စစ်ကော်မရှင်က အာဏာသိမ်း၍ ပြည်သူလူထုပါမကျန် ဗုံးကြဲတိုက်ခိုက် အကြမ်းဖက်နေသည်ကို လက်မခံသည့် NCA ရေးထိုးထားသော ကရင်အမျိုးသားအစည်းအရုံး-(KNU)ကမူ အတုအယောင် ရွေးကောက်ပွဲ ဖြစ်သောကြောင့် ကန့်ကွက်ထားသည်။
ယင်းကြောင့် KNU ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကော်မရှင်က ကြေညာက ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန်နှင့် စစ်ရှုံးဒေသများ ပြန်လည်ရရှိအောင် ဝေဟင်၊ မြေပြင်အပါအဝင် သာလွန်အင်အားသုံး၍ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။
ဓာတ်ပုံ-DKBA