
ဧရာဝတီတိုင်းမ်
(မတူပီ)၊ စက်တင်ဘာ ၁၃ ရက်
ချင်းပြည်/ချင်းလဲန်အစိုးရကို အားပေးထောက်ခံသော မတူပီမြို့နယ်ထဲမှ ကျေးရွာအချို့ကို မတူပီ ကာကွယ်ရေးအဖွဲ့ချုပ်(MRO/CDF-မတူပီ)က မတူပီမြို့တွင်းသို့ ဝင်/ထွက်သွားလာခွင့် ပိတ်ပင်ထား ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်က ချင်းပြည်နယ်အတွင်းရှိ လက်လွှတ်ထားသော မြို့နယ်များကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် MRO/CDF-မတူပီသည် လုံခြုံရေးအခြေအနေအရဟုဆိုကာ ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့မှ ဩဂုတ်လ ၂၇ ရက်နေ့အထိ မတူပီမြို့အဝင်/အထွက်ကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဩဂုတ်လ ၂၈ ရက်နေ့မှ စတင်၍ မြို့အဝင်/အထွက်များကို ပြန်လည်ဖွင့်လှစ်သော်လည်း ကျေးရွာအချို့မှ ဒေသခံများကို မြို့တွင်းသို့ ဝင်/ထွက်သွားရန် ပိတ်ပင်ခြင်းခံရကြောင်းသိရသည်။
“အရင်ရက်တွေက မတူပီမြို့ထဲကို ဝင်လို့ ရသေးတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး CB ထဲဝင်မှ မတူပီမြို့ထဲကို ဝင်ခွင့် ပြန်ပေးတော့တာတဲ့။ CC နဲ့ ပူးပေါင်းတဲ့ ရွာတွေကို လုံးဝ ပေးမဝင်တော့ဘူးလို့ ပြောကြတယ်။ စက်တင်ဘာလ ၉ ရက်နေ့အထိကတော့ နားလည်မှုနဲ့ ဝင်ကြပေမဲ့ ၁၀ ရက်နေ့ကစပြီး ပေးမဝင်တော့ဘူးလို့ ပြောတယ်” ဟု မတူပီမြို့နယ်၊ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့အဝင်/အထွက်ကို MRO/CDF-မတူပီက ပြန်လည်ဖွင့်လှစ်ပြီးနောက် မတူပီ-ဆမီး လမ်းပိုင်းကို စက်တင်ဘာ ၉ ရက်နေ့အထိသာ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီး ချင်းညီနောင်ကို ထောက်ခံသော ကျေးရွာများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
MRO/CDF-မတူပီဂိတ်မှနေ၍ မတူပီမြို့နယ်၊ လာလွီးကျေးရွာရှိ ပြည်သူများကို လက်ရှိအချိန်အထိ မတူပီမြို့တွင်းသို့ ဖြတ်သန်းခွင့်မပြုကြောင်း သိရသည်။
“လာလွီးကပြည်သူတွေဆို မတူပီဘက်ပဲ ဖြစ်ဖြစ်၊ ရေဇွာမြို့ဘက်ပဲ ဖြစ်ဖြစ် လုံးဝထွက်ခွင့်ကိုမပေးတာ။ MRO ဂိတ်တိုင်းက စစ်တယ်။ လာလွီးဆိုရင်အကုန်ပြန်လှည့်ခိုင်းတာ” ဟု မတူပီမြို့နယ်၊ ဒေသခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မတူပီမြို့နယ်၊ လာလွီးကျေးရွာသည် ချင်းလဲန်အစိုးရ၏ အုပ်ချုပ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့ ပုံမှန်လည်ပတ်နေပြီး မတူပီမြို့မှ ထွက်ပြေးလာကြသော လူငယ်များနှင့် ကျေင်းသား၊ ကျောင်းသူများကို လက်ခံကာ ဆက်လက်ပညာသင်ကြားပေးမှုများပြုလုပ်ပေးကြောင်း ဒေသခံများထံမှ သိရသည်။
MRO/CDF-မတူပီက ၎င်းတို့၏ မတူပီမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရန် မြို့ပြင်ထွက်ခွင့်တားမြစ်ထားပြီး အင်တာနက်လိုင်း အသုံးပြုခွင့်ပိတ်ပင်ခြင်း ၊ ဌာနဆိုင်ရာ စကားလင့်ခ်စက်များကို ယနေ့ထိ သိမ်းဆည်းထားခြင်း၊ အုပ်ချုပ်ရေးသက်တမ်း တစ်နှစ်ပြည့်ပြီဖြစ်၍ လုပ်ငန်းဆောင်ရွက်မှုအားလုံးရပ်ဆိုင်းရန် အမိန့် အာဏာဖြင့် အကြောင်းကြားခြင်းများ လုပ်ဆောင်ထားသည်။
မတူပီမြို့နယ်(ပအဖ)သည် ညီလာခံကျင်းပနိုင်ရေးအတွက် အရေးပေါ်အစည်းအဝေး သုံးကြိမ် ခေါ်ယူသော်လည်း MRO အဖွဲ့၏ ဟန့်တားပေးပို့စာများကြောင့် ညီလာခံကျင်းပနိုင်မှုမရှိကြောင်း မတူပီမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပုံစာ-MRO/CDF-မတူပီ။