လူမှုအဖွဲ့အစည်းများ၊ သတင်းထောက်များနှင့် လူ့အခွင့်အရေးကာကွယ်ရေးသမားများထိခိုက်နိုင်

 

ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

 

မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းထံ တောင်းဆိုခဲ့သော်လည်း တစ်ဖက်တွင်မူ ဆွီဒင်နိုင်ငံက မြန်မာ့ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

 

UNHCR မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ သည် မြန်မာနိုင်ငံအတွင်း သုံးရက်ကြာ နေထိုင်ခဲ့ပြီး ပြည်တွင်းနေရပ်စွန့်ခွာရသူများနှင့် ငလျင်ဒဏ်သင့် ဒေသခံလူမှုအသိုင်းအဝိုင်းများထံ သွားရောက်ခဲ့ သည်။ ၎င်း၏ လေ့လာချက်များအရ အကူအညီများ အရေးတကြီးလိုအပ်နေကြောင်းနှင့် နိုင်ငံတကာမှ တိုးမြှင့်ကူညီပေးရန် လိုအပ်ကြောင်း UNHCR ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ UNHCR ၏ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၈၈.၃ သန်း လိုအပ်သော်လည်း ယခုအချိန်အထိ လိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်း သာ ရရှိသေးကြောင်း ထုတ်ပြန်ထားသည်။

 

“ပြည်တွင်းမှာ နေရပ်စွန့်ခွာနေထိုင်ကြရတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေနဲ့ ဒေသတွင်းရှိတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးလိုအပ်ပြီး သူတို့ရရှိပိုင်ခွင့်ရှိတဲ့ ငြိမ်းချမ်းရေးနဲ့အတူပါလာတဲ့ ဘေးကင်းမှုနဲ့ လုံခြုံမှုကို တောင်းဆိုကြတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးတို့က မြန်မာနိုင်ငံ အကျပ် အတည်းကို အဖြေရှာရန် အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ကြရမယ်” ဟု မဟာမင်းကြီးက ပြောကြားသည်။

လက်ရှိတွင်မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူညီများပေးအပ်သော ဥရောပသမဂ္ဂအဖွဲ့ဝင် ဆွီဒင်နိုင်ငံက လာမည့် ၂၀၂၆ ခုနှစ်တွင် ကူညီမှုများရပ်ဆိုင်းမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်သည်။

 

ဆွီဒင်နိုင်ငံသည့် မီဒီယာနှင့် လူ့အခွင့်အရေးအဖွဲ့များအတွက် တစ်နှစ်လျှင် ဒေါ်လာ ၂ ဒသမ ၆၅ သန်းခန့်ထောက်ပံ့ခဲ့ပြီး ယခုကဲ့သို့ ဖြတ်တောက်မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးများ ဖြစ်ပေါ်နိုင်ကာ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ့လူမှုအဖွဲ့အစည်းများ၊ သတင်းထောက်များနှင့် လူ့အခွင့်အရေး ကာကွယ်ရေးသမားများအတွက် ထိခိုက်နစ်နာမည်ဖြစ်ကြောင်း Human Right Myanmar ထုတ်ပြန်ချက်တွင် ပါဝင်သည်။

 

မြန်မာနိုင်ငံရှိပြည်သူများနှင့် ဒေသအတွင်းရှိဒုက္ခသည်များကိုကူညီရန်အတွက် နိုင်ငံတကာ အသိုင်း အဝိုင်းထံမှ ပိုမိုကြီးမားသောငွေကြေးပံ့ပိုးမှုလုပ်ဆောင်ပေးရန် ၎င်းက တောင်းဆိုထားသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ UNHCR