ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

 

စစ်ကော်မရှင်က ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ကြည်းကြောင်း၊ လေကြောင်းမှ အပြင်း အထန်တိုက်ခိုက်နေကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် ယမန်နေ့ စက် တင်ဘာ ၁၂ ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က ကျောက်မဲမြို့၊ ခိုက်တုန်ဟုန်းကျေးရွာကို Y 12 လေယာဉ်အသုံးပြုပြီး ဗုံးအလုံးရေ ၅၀ ထက်မနည်း ကြဲချတိုက်ခိုက် ခဲ့ကြောင်း သိရသည်။

“ရွာသားတွေကတော့ ထွက်ပြေးနေရတော့ လူအထိအခိုက်ကိုမသိရသေးဘူး။ နေအိမ်တွေကတော့ ရစရာကိုမရှိဘူး။ တိုက်ပွဲတွေကတော့ ဆက်တိုက်ဖြစ်နေတာ”ဟု ကျောက်မဲဒေသခံတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်သည် ခိုက်တုန်ဟုန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကို ဗုံးကြဲချတိုက်ခိုက်သည့်အပြင် ဒရုန်းနှင့် လက်နက်ကြီးများပါ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ နေ့လယ်ပိုင်းကလည်း ကျောက်မဲမြို့၊ ကောင်းမူးလျန်ရွာနှင့် ငြိမ်းချမ်းရေးကုန်း ဂိတ်အနီးကိုလည်း Y 12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်ကို ကြဲချတိုက်ခိုက်ခဲ့ပြီး တောင်ဆေးလိပ် ရွာကိုလည်း ဗုံးကြဲချ တိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်များပျက်စီးခဲ့‌ကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့ကလည်း ဇီးပင်ရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် နမ့်စော့ရွာရှိ ဗြုံးကျင်းတောင်ကိုပါ ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

လက်ရှိတွင် နောင်ပိန်နှင့် ပင်တိန်ကျေးရွာများကို စစ်ကော်မရှင်က ထိန်းချုပ်နိုင်လုနီးပါးရှိနေပြီး တအာင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) ကလည်း ပြန်လည်တိုက်ခိုက်နေသည့် အတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

ပုံစာ-ကျောက်မဲမြို့ရှိ တုန်ဟုန်းရွာ ဗုံးကြဲခံရပြီးနောက်တွေ့ရစဉ်။