လှိုင်မြို့နယ်က ဧရာဝတီဘဏ်ခွဲ ၁ ခုဓားပြတိုက်ခံရပြီး ဘဏ်ဝန်ထမ်းအမျိုးသမီး ၁ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂ ရက်

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ပြည်လမ်းမပေါ်က ဧရာဝတီဘဏ်ခွဲ ဒီကနေ့နေ့လည် ၂ နာရီဝန်းကျင်မှာ ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကန်လမ်းထိပ်မှာရှိတဲ့ အဲ့ဒီဘဏ်အတွင်းထဲကို အမည်မသိလူ ၁ ဦးက ဘဏ်စာအုပ်လုပ်မည်ဟုဆိုကာ ဝင်ရောက် လာပြီးဓားထောက်ဓားပြတိုက်ခဲ့တာဖြစ်ကာ ဧည့်ကြိုဘဏ်ဝန်ထမ်း မဆွေဆွေဝင်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

” လာတဲ့သူက တယောက်ထဲလာတာ၊ ဘဏ်စာအုပ်လုပ်ချင်လို့ဆိုပြီး ဝင်လာတာ။ အဲ့ဒါကို ဧည့်ကြိုဘဏ်ဝန်ထမ်းက စာအုပ်လုပ်ဖို့အတွက် မှတ်ပုံတင်ပေးရမယ်လို့ပြောတုန်းရှိသေးတယ် ဓားထောက်ပြီး ဓားပြတိုက်တာ။ အဲ့ဒီဝန်ထမ်းမိန်းကလေးတော့ဒဏ်ရာရသွားတယ်” လို့ ဧရာဝတီဘဏ်နဲ့နီးစပ်တဲ့ ရန်ကုန်မြို့ခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အမည်မသိလူက ဓားပြဝင်တိုက်ခဲ့ပေမယ့် ဘဏ်ဝန်ထမ်းအမျိုးသမီးထိခိုက်တာကလွဲရင် ငွေသားတွေဆုံးရှုံးမှုမရှိဘဲ အဲ့ဒီ အမည်မသိလူလည်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူကဆက်လက်ပြောပါတယ်။

ဓားပြတိုက်မှုဖြစ်ပွားပြီးတဲ့နောက် စစ်​ကောင်စီတပ်ဖွဲ့ဝင်တွေအများအပြားရောက်ရှိလာပြီး ဘဏ်အနီးတဝိုက်နဲ့ လမ်းမတွေကိုပိတ်ဆို့စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဧရာဝတီဘဏ်ဟာ မြန်မာပြည်ထိပ်တန်းခရိုနီတဦးဖြစ်သူ မက်စ်မြန်မာ ဦးဇော်ဇော်ပိုင်ဆိုင်တဲ့ လုပ်ငန်းခွဲ ဘဏ်လုပ်ငန်းတခုဖြစ်ပါတယ်။

ဓာတ်ပုံ – ဓားပြတိုက်ခံခဲ့ရသည့်ဧရာဝတီဘဏ်ခွဲ(ပုံဟောင်း)။

#AyeuarwaddyTimes