
(ကန်ပက်လက်) ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ခါပန်းကျေးရွာကို စစ်ကောင်စီတပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သားတစ်ဦး ဒဏ်ရာရရှိပြီး ကျောင်းဆောင်နှစ်ဆောင် ပျက်စီးသွားကြောင်း CDF-Kanpelet တာဝန်ရှိသူထံက သိရသည်။
ကန်ပက်လက်မြို့နယ်၊ ခါပန်းကျေးရွာကို ယမန်နေ့ စက်တင်ဘာလ ၁၀ရက်နေ့ညက စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ခါပန်းရွာကို ဂျက်ဖိုက်တာကနေ ပေါင် ၅၀၀ ဗုံးသီးနှစ်ကြိမ်ပစ်တယ်။ ကျောင်းဆောင်နှစ်ဆောင် ပျက်စီးသွားတယ်။ ရွာကပြည်သူတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရတယ်” ဟု CDF-Kanpatlat တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်ကလည်း ကန်ပက်လက်မြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သားလူနေအိမ် ငါး လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။
ကန်ပက်လက်မြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ချင်းညီနောင်အဖွဲ့မှ သိမ်းပိုက်ရရှိထားသော်လည်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု မကြာခဏ ပြုလုပ်သည့်အတွက် အရပ်သားများ နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“လေကြောင်း တိုက်ခိုက်မှုတွေက ရှိနေသေးတယ်ဆိုတော့ ဘယ်သူမှမြို့ထဲ ပြန်နေတာမရှိသေးဘူး။ တခါတလေ ကိုယ်အိမ်အခြေအနေတွေ၊ အိမ်သန့်ရှင်းရေးလုပ်တာလောက်ပဲ ရှိသေးတယ်။ မြို့သိမ်းတိုက်ပွဲတုန်းက စစ်ရှောင်တဲ့နေရာမှာပဲ ရှိနေကြသေးတယ်” ဟု ကန်ပက်လက်မြို့နယ်ဒေသတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကန်ပက်လက်မြို့နယ်အပါအဝင် မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ဖလမ်း၊ တွန်းဇံ၊ ထန်တလန် စသည့်မြို့နယ်ကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် အရေးပေါ်အခြေအနေအဖြစ် ကြေညာထားသည်။