ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

 

လက်ရှိဖြစ်ပေါ်နေသောနီပေါနိုင်ငံဖြစ်စဉ်တွင် နောက်ကွယ်မှ အင်အားကြီးနိုင်ငံအချို့ပါဝင်နေသည်ကိုတွေ့ရပြီး နိုင်ငံအတွက်သင်ခန်းစာဖော်ထုတ်သွားရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

 

ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်သော စစ်ကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းအစည်းအဝေးတွင် ၎င်းက ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။

နီပေါနိုင်ငံအတွင်း ဆိုရှယ်မီဒီယာများကိုမှတ်ပုံတင်ရန်ဆောင်ရွက်မှုကြောင့် ဆူပူမှုများစတင်ဖြစ်ပေါ်ရပြီး နောက်ကွယ်တွင်အင်အားကြီးနိုင်ငံအချို့ပါဝင်ကြောင်း ဆိုသည်။

 

“စစ်ခေါင်းဆောင်က ဘာကိုသင်ခန်းစာယူချင်တာလဲပေါ့နှော်။ ပြည်သူကိုဂုတ်ခွစီးနေတဲ့ အစိုးရအဖွဲ့ဝင်တွေကို ပြည်သူက ဒဏ်ခတ်တာမြင်ပြီး သွေးလန့်နေတာလဲဖြစ်နိုင်ပါတယ်” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။

ထို့ပြင် နိုင်ငံအတွက်သင်ခန်းစာယူရန်လိုအပ်ပြီး ‌ကျေးလက်နေပြည်သူများ၏ လူမှူစီးပွားဘဝမြင့်တင်ရေး၊ အလုပ်လက်မဲ့လျော့ပါးရေးဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း စစ်ခေါင်းဆောင်က ပြောသည်။

 

ယင်းကဲ့သို့ အာဏာသိမ်းစစ်ခေါင်းဆောင်၏ ပြောစကားကို ပြည်သူများကြားဝေဖန်မှုများရှိနေသည်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်တွင် လူငယ်လူရွယ် သုံးသိန်းမှ ငါးသိန်းကြား ပြည်ပနိုင်ငံများသို့ ရွေ့ပြောင်းလုပ်ကိုင်၊ နေထိုင်အခြေချမှုများပြားလားကြောင်း ကုလသမဂ္ဂအဖွဲ့အစီရင်ခံစာများအရသိရသည်။

 

ဓာတ်ပုံ – MOI , Al jazerra