
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်
ဧရာ၀တီတိုင်း၊ အိမ်မဲမြို့တွင် မသန်စွမ်းဖြစ်နေသည့် သမီးအရင်းကို အကြိမ်အကြိမ် အဓမ္မပြုကျင့်ခဲ့သည့် ဖခင်ကို ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။
ဒေသခံလူမှု့ကူညီရေးအဖွဲ့များ၏ တိုင်ကြားမှုကြောင့် ကျူးလွန်သူ အသက် ၅၀ နှစ်အရွယ်အမျိုးသားကို စက်တင်ဘာ ၈ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ကောင်မလေးက အသက်နှစ်ဆယ်၀န်းကျင် မသန်စွမ်းလေးပါ၊ သူ့အဖေနဲ့ရတဲ့ကိုယ်၀န်က ခုနှစ်လရှိနေပါတယ်။ တရားခံကထွက်ပြေးနေပြီး မအူပင်မြို့မှာဖမ်းဆီးနိုင်ခဲ့တယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဖခင်ဖြစ်သူကြောင့် ပထမအကြိမ် ကိုယ်၀န်ရခဲ့ပြီး ဖျက်ချခဲ့ရကြောင်းနှင့် ယခုဒုတိယအကြိမ် ကိုယ်၀န်ကိုလည်းဖျက်ချခိုင်းပြီး ယခုကိစ္စပေါက်ကြားပါက သတ်ပစ်မည်ဟု ဇနီးနှင့်သမီးကို ခြိမ်းခြောက်ထားကြောင်း ရဲတပ်ဖွဲ့၏မှတ်တမ်းများအရ သိရသည်။
လက်ရှိတွင် ကျူးလွန်သူအမျိုးသားကို အိမ်မဲရဲစခန်းတွင် တရားစွဲဆိုရန် ပြင်ဆင်ထားပြီး ကိုယ်၀န်ရရှိနေသူ မသန်စွမ်းအမျိုးသမီးကို ဒေသခံလူမှုကူညီရေးအဖွဲ့များက စောင့်ရှောက်ထားကြောင်း သိရသည်။